မိုင်းဖြတ်မြို့နယ်၌ မြို့နယ်အဆင့် ​ကျောင်းအပ်နှံ​ရေး​နေ့အခမ်းအနား ကျင်းပ

မိုင်းဖြတ် မေ ၃၁

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ် ​မြို့နယ်အဆင့် ကျောင်းအပ်နှံ​ရေး​နေ့အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အထက (မိုင်းဖြတ်) ရှိ ​ရွှေလီ​ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

​ရှေးဦးစွာ အ​ခြေခံပညာအထက်တန်း​ကျောင်း (မိုင်းဖြတ်)မှ ​ကျောင်းသား၊ ​ကျောင်းသူများက ​"ကျောင်းအပ်ကြစို့" သီချင်းဖြင့် သီဆို​​ဖျော်​ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထို့​နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်​ဝေသုံက ပညာ​ရေးကဏ္ဍတွင် ဆရာ၊ ဆရာမများသည် များစွာအ​ရေးပါ​ကြောင်း၊ ​ယခုနှစ်ပညာသင်နှစ်၏ ​​​ဆောင်ပုဒ်ဖြစ်သည့် "ကျောင်း​နေအရွယ်က​လေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ​ကျောင်းအပ်နှံကြပါစို့​" ဆောင်ပုဒ်နှင့်အညီ ​ကျောင်း​နေအရွယ်က​လေးအားလုံး ​ကျောင်းအပ်နှံ​​ရေးအတွက် စပ်လျဥ်း၍ အမှာစကား​ပြောကြားခဲ့သည်။ ထို့​နောက် ခရိုင်ပညာ​ရေးမှူး ​ဒေါ်ခင်ဝင်းကြည်က ​​ကျောင်းအပ်နှံ​ရေး​နေ့အခမ်းအနား ကျင်းပပြုလုပ်ရခြင်းနှင့် ကျေးဇူးတင်စကား​များ ပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်​ဝေသုံ၊ ခရိုင်ပညာ​ရေးမှူး ဒေါ်ခင်ဝင်းကြည်နှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုးနှင့် အဖွဲ့ဝင်များက နိုင်ငံ​တော်မှ (အခမဲ့)​ထောက်ပံ့​ပေးအပ်​သည့်  ဗလာစာအုပ်နှင့် စာ​ရေးကိရိယာများ၊ ကျောင်းဝတ်စုံနှင့် သင်ကြားသင်ယူမှုအ​ထောက်အကူပြုပစ္စည်းများကို​ပေးအပ်ရာ ​ကျောင်းအုပ်ဆရာမကြီးများနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့​သည်။ ထို့​နောက် အထက(ဟိုနား)မှ ​ကျောင်းသား၊ ​ကျောင်းသူများက ပညာရေးသီချင်းဖြင့် သီဆို​ဖျော်​ဖြေ၍ အခမ်းအနားကို ရုပ်သိမ်းခဲ့​ကြောင်း သိရသည်။

သန်းထွန်း​​အေး (ပြန်/ဆက်)