တွံတေး မေ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံပိုးကူညီမှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အတတ်ပညာရှင်တို့ ပူးပေါင်းဖွင့်လှစ်သော နွေရာသီ အိမ်တွင်းလက်မှုချည်ထိုးနည်း သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီ အချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဦးစွာ သင်တန်းဆင်းပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်ဦးက နွေရာသီ အားလပ်ရက် ကျောင်းသူများ၊ အမျိုးသမီးငယ်များ အိမ်တွင်းမှု အတတ်ပညာ တတ်မြောက်စေရန် တစ်ဖက်တစ်လမ်းကနေ ဝင်ငွေတိုးပွားလာစေရန်၊ အသက်မွေးဝမ်းကျောင်း ပညာတစ်ခုအနေဖြင့်လည်းကောင်း၊ ဒေသခံပြည်သူများနှင့် ကျောင်းသားလူငယ်များ မြို့နယ်ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်အတွက် လက်မှုပညာတစ်ခုဖြစ်သော အိမ်တွင်းလက်မှု ချည်ထိုးနည်းသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ နည်းပြဆရာမ ဒေါ်မျိုးကလျာရွှေက လက်မှုအတတ်ပညာ တတ်ထားလျှင် မိသားစုဝင်ငွေတိုးမည့်လုပ်ငန်းဖြစ်သည့်အတွက် ကြိုးကြိုးစားစား ဆက်လက်လေ့လာသွားကြရန် ပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသက်ဦးက နည်းပြဆရာမဒေါ်မျိုးကလျာ ရွှေအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့်လက်ဆောင်ပစ္စည်းပေးအပ်ခဲ့သည်။
အဆိုပါ အိမ်တွင်းလက်မှုချည်ထိုးနည်းသင်တန်းကို နည်းပြဆရာမဒေါ်မျိုးကလျာရွှေနှင့် အကူနည်းပြတစ်ဦးတို့က သင်တန်းသား (၁၅)ဦးကို မေလ(၁၉)ရက်နေ့မှ (၃၀)ရက်နေ့အထိ သင်တန်းကာလ (၁၁)ရက်တိတိ သင်ကြားပေးခဲ့ကြောင်း သိရသည်။
တွံတေးသား