သုံးခွ မေ ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး မြစိမ်း ရောင်ကျေးရွာစီမံကိန်း အတိုးရငွေ (၁၀.၀၀)သန်းဖြင့် ထွန်းစိန်ကျေးရွာတွင်း မြေသားလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများအား ယနေ့ နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်မော်မော်မျိုးက အဆိုပါလမ်းအား ရေရှည်တည်တန့်ခိုင်မြဲစေရေးအတွက် အရည်အသွေး ပြည့်မီစွာ ဆောင်ရွက်ပေးကြပါရန်နှင့် ကျေးရွာနေပြည်သူများက ဝိုင်း၀န်းထိန်းသိမ်းကြရန် မှာကြားခဲ့သည်။ ကျေးရွာတွင်း မြေသားလမ်းခင်းခြင်း ဆောင်ရွက်ရာတွင် အလျား ၁၂၇၀ ပေ၊ အနံ ၁၂ ပေ၊ ဒု ၃ ပေဖြင့် လုပ်ငန်းဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ပြီးစီးခဲ့ကြောင်း သိရသည်။
အဆိုပါ မြေသားလမ်းဆောင်ရွက်ခြင်းကြောင့် ရာသီမရွေး သွားလာနိုင်ပြီး နောက်ပိုင်းတွင် ကွန်ကရစ်လမ်းအဆင့်မြှင့်တင်ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း၊ ယခုအချိန်တွင် ထွန်းစိန်ကျေးရွာရှိ အိမ်ခြေ (၁၂၀)မှ လူဦးရေ (၈၂၅)ဦးတို့ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ပြီး ဘာသာသာသနာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း စိတ်ကြည်နူးပျော်ရွှင်ချမ်းမြေ့ရမည် ဖြစ်ပါကြောင်း၊ ကျောင်းသား/သူများလည်း အဆင်ပြေစွာ သွားနိုင်တော့မည်ဖြစ်ကြောင်း ကျေးရွာနေပြည်သူများ၏ ဝမ်းသာပိတိစကားသံကိုလည်း ကြားသိရသည်။
စည်သူလင်း (ပြန်/ဆက်)