ဒလမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် မိုးစပါးရာသီတွင် မိုးစပါးဧက (၄၆၈၁၇) စိုက်ပျိုးရန်လျာထား

ဒလ မေ ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနစ် မိုးရာသီတွင် မိုးစပါး စိုက်ပျိုးရန်ဧက (၄၆၈၁၇) လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

ဒလမြို့နယ်၌ ဒေသခံတောင်သူများ မိုးစပါးစိုက်ပျိုးချိန်အမီ ထွန်ယက်စိုက်ပျိုးနိုင်ရန် ယခုနှစ်မိုးရာသီတွင် လျာထားချက် ပြည့်မီစွာ ဆောင်ရွက်နိုင်ရန်အတွက် စိုက်ပျိုးရေး ဦးစီးဌာန၊ မြေစာရင်းဦးစီးဌာနနှင့် တာဝန်ရှိသူများက မိုးစပါး လျာထားချက်ပြည့်မီစွာစိုက်ပျိုးနိုင်ရန် လယ်ယာမြေကြိုတင် ပြင်ဆင်ရေး၊ မိမိဒေသနှင့် ကိုက်ညီသော မျိုးစပါးနှင့် အထွက်နှုန်းပိုသော မျိုးစပါးများ စိုက်ပျိုးနိုင်ရေး၊ ရေတော်မိုးတော် စိုက်ပျိုးနိုင်ရေး တောင်သူများအား စိုက်ပျိုးရေးနည်း စနစ်များ မြေဆီလွှာထိန်းသိမ်းရေးနည်းပညာများ ဟောပြောခြင်း၊ ပိုးမွှားရောဂါ ကျရောက်ပျက်စီးမှု မရှိစေရန် အပင်များဖြစ်ထွန်းချိန်အလိုက် ကာကွယ်နှိမ်နင်းခြင်းဆိုင်ရာ နည်းပညာများဟောပြောခြင်း၊ စိုက်ပျိုးရေးနည်းပညာပေးဆွေးနွေးပွဲများကိုလည်း ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ရာသီဥတု ရေမြေ ဒေသနှင့် ကိုက်ညီသော အထွက်ကောင်းမျိုးများ အရည်အသွေးကောင်း မျိုးစပါးများတိုးချဲ့ စိုက်ပျိုးနိုင်ရန်လည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒလမြို့နယ်တွင် ယခင်နှစ် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးရာသီတွင်  မိုးစပါးစိုက်ပျိုးဧက (၄၆၈၁၇) စိုက်ပျိုးခဲ့ပြီး တစ်ဧကကို ပျှမ်းမျှ (၆၇.၁၄ )တင်းထွက် ရှိကြောင်းနှင့်  ယခုနှစ် ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် မိုးစပါး (၄၆၈၁၇)ဧကစိုက်ပျိုးရန်လျာထားကြောင်းနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီရေးအတွက် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။ ယခုနှစ်တွင် ဒေသခံ တောင်သူများအနေဖြင့် ဒေသနှင့်ကိုက်ညီသော စိုက်ပျိုးမည့် စပါးမျိုးများမှာ မီးဒုံး၊ ငကျွဲ ၊ ရက် (၉၀)၊ မှော်ဘီ-၃၊ ပခန်းရွှေဝါ၊ အောင်နိုင်တိုးစသည့် မျိုးစပါးများ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း  မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးထံမှ သိရသည်။

သီတာဝင်း (ပြန် /ဆက်)