ခရမ်း မေ ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစီမံကိန်းဆောင်ရွက်နေသော သမဝါယမအသင်းသားတောင်သူများအား စိုက်ပျိုးရေး နည်းပညာပို့ချခြင်းသင်တန်းကို ယမန်နေ့ နေ့လယ်က ခရမ်းမြို့နယ် သမဝါယမအသင်းစု လီမီတက်၌ ပြုလုပ်ခဲ့ကြောင်း သတင်းရသည်။
အဆိုပါသင်တန်းတွင် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်သန္တာအောင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ပြောကြားခဲ့ပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဌေးမောင်က စိုက်ပျိုးရေးနည်းပညာဆိုင်ရာများ၊ စပါးအထွက်ကောင်းသည့် မျိုးစပါးပြောင်းလဲစိုက်ပျိုးကြရန်လည်းကောင်း၊ ရှင်းလင်းဆွေးနွေးပို့ချခဲ့ပြီး အသင်း သားတောင်သူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
သင်တန်းကို သင်တန်းသား (၆၀)ဦး တက်ရောက်သင်ကြားခဲ့ကြပြီး အဆိုပါသင်တန်းသည် တောင်သူများအတွက် လက်တွေ့ကျသည့် အသိပညာများ၊ နည်းပညာများနှင့် အတွေ့ အကြုံများကို ရရှိစေပြီး စပါးအထွက်နှုန်းတိုးတက်စေကာ စိုက်ပျိုးစရိတ် သက်သာစေခြင်းဖြင့် တောင်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။
ခရမ်း (ပြန်/ဆက်)