ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးအခမ်းအနားကျင်းပ

ပျော်ဘွယ် မေ ၃၀

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံ ရေးနေ့အခမ်းအနားကို မေလ(၃၀)ရက်၊ နံနက်(၈)နာရီခွဲက အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း (ပန်းစုံ)အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာကျောင်းတေးသီချင်းဖြင့် သီဆို ဖွင့်လှစ်ပေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာစိုးက နိုင်ငံတော်အနေဖြင့် ကျောင်းသား၊ ကျောင်းသူများကို စာရေးကိရိယာ၊ ကျောင်းဝတ်စုံ အခမဲ့ပေးအပ်နေမှုအခြေအနေများ၊ “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသောဆောင်ပုဒ်နှင့်အညီ ပြည်သူ အားလုံးပူးပေါင်းဆောင်ရွက်ရေးတို့ကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် နိုင်ငံတော်မှပေးအပ်သည့် ကျောင်းသုံးစာအုပ်များ၊ စာရေးကိရိယာများ၊ ကျောင်းဝတ်စုံ များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ထပ်ဆင့်ပေးအပ်ရာ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများက လက်ခံရယူခဲ့ကြသည်။

ပျော်ဘွယ်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၂၄၁)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းပေါင်း(၁၅)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၅)ကျောင်းရှိပြီး ကျောင်းအပ်နှံမှုအနေဖြင့် ယနေ့အချိန်ထိ ကျောင်းသား၊ ကျောင်းသူ (၅၁၀၀၀)ကျော်အပ်နှံထားပြီး ဆက်လက်၍လည်း သက်ဆိုင်ရာကျောင်းများ၌ ကျောင်းအပ်နှံမှုကို ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)