နမ့်ဆန် ဒီဇင်ဘာ ၁၂
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို ကာကွယ်ထိန်းချုပ်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများအား မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီတို့က ယမန်နေ့မွန်းလွဲ (၂)နာရီတွင် မြို့နယ်ပြည်သူ့ဆေးရုံ၌ ပြုလုပ်သည်။
ထိုသို့ ညှိနှိုင်းဆွေးနွေးရာတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက နမ့်ဆန်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာလုပ်အားရှင်များနှင့် လူမှုကူညီရေး အသင်းများက ပူးပေါင်းပါဝင်ပေးသည့်အတွက် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်စပြုနေပြီဖြစ်၍ နောက်ထပ်ကူးစက် ပျံ့နှံ့မှုမဖြစ်ပွားစေဖို့ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းစဉ်များကို စနစ်တကျ ဆောင်ရွက်သွားနိုင်ဖို့ လိုအပ်ကြောင်း ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထက်ဖြိုးဝေက ကိုဗစ်-၁၉ ကူးစက်မှုကို ထိန်းချုပ်ကာကွယ်ရာတွင် ရေရှည်စီမံချက်များချမှတ်ကာ မြို့အဝင်ဂိတ်ကိုလည်း ပိုပြီးစနစ်တကျ စစ်ဆေးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကျန်းမာရေးစစ်ဆေးသည့်ဂိတ် မဟုတ်ပဲ အလုံးစုံ စစ်ဆေးသောဂိတ်ဖြစ်စေရန် တင်းတင်းကြပ်ကြပ် ဆောင်ရွက်သွားဖို့ လိုအပ်ကြောင်း၊ ရောဂါဖြစ်ပွားရာဒေသမှလည်းကောင်း၊ ရောဂါဖြစ်ပွားရာ ဒေသကို ဖြတ်သန်း၍သော်လည်းကောင်း၊ နမ့်ဆန်မြိုနယ်အတွင်းသို့ရောက်လာသူများသည် မြို့ဝင်စစ်ဆေးရေးဂိတ်(သို့မဟုတ်) သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး၊ နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်သတင်း ပေးပို့ရမည်။ သတင်းမပို့လျှင်သော် လည်းကောင်း၊ သတင်းမပို့ဘဲ လက်ခံထားလျှင်သော်လည်းကောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း၊ ရောဂါပိုး စစ်ဆေးတွေ့ရှိသူများ၊ ရောဂါပိုးစစ်ဆေးတွေ့ရှိသူနှင့် ထိတွေ့ခဲ့သူများသည် ကျန်းမရေးဝန်ထမ်းနှင့် ကိုဗစ်-၁၉ ကော်မတီမှ မေးမြန်းသည်များကို လိမ်ညာထွက်ဆိုခြင်း၊ ထိန်ချန်ခြင်းပြုလုပ်ပါကလည်း သဘာဝဘေးအန္တရာဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူသွားမှာဖြစ်ကြောင်း ရှင်းလင်း ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ပြည်သူများ အပြင်ထွက်တိုင်း mask စနစ်တကျတပ်စေဖို့ ပညာပေးအစီအစဉ်အဖြစ် mask campaign ကို တစ်ပတ်လျှင် (၂)ကြိမ်ခန့် ဆောင်ရွက်သွားဖို့နှင့် ခွင့်ပြုချက်များဖြင့် ရောင်းချခွင့်ရရှိထားသောဆိုင်များကို ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များ လိုက်နာမှုရှိမရှိ ရှောင်တခင်စစ်ဆေးပြီး သတ်မှတ် စည်းကမ်းချက်များ လိုက်နာမှုရှိသောဆိုင်များကို ဆက်လက်ရောင်းချခွင့်ပြုပေးပြီး စည်းကမ်းမလိုက်နာသော ဆိုင်များကို အရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် မြို့နယ်ပြင်ပ မှ ဝင်ရောက်လာမည့်သူများကို နတလ Quarantine Centre တွင်ထားရှိပြီး ကိုဗစ်ကုသဆေးရုံအဖြစ် မန်ခိုက်ရပ်ကွက် ရိပ်သာတွင် ဆက်လက် ထားရှိသွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။
ကိုဗစ်-၁၉ ကို ဆက်လက်ကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက် လားရှိုး၊ ကျောက်မဲ၊ သီပေါ သို့ သွားရောက်မည့် ယာဉ်များကို မြို့နယ်အတွင်း ဝင်ခွင့်ပြုမည်မဟုတ်ဘဲ မြို့တွင်း ကုန်တင်၊ ကုန်ချများအတွက် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်လဲလှယ်ဝင်ရောက်ရမည်ဖြစ်ကြောင်း မဖြစ်မနေကိစ္စများဖြင့် နေ့ချင်းပြန်သွားမည့်အိမ်စီးကားများအား သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်များဖြင့် သွားလာခွင့်ပြုပြီး ညအိပ်သွားပါက (Home Quarantine) တွင် (၇)ရက်နေထိုင်ရမည် ဖြစ်ကြောင်း ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် လူမှုကူညီရေးအသင်းများတို့က ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ရှေ့လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးသွားခဲ့ကြောင်း သိရသည်။
ကိုအောင်မိုး (ရွှေဖီမြေ)