တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် မြိတ်ခရိုင်အတွင်းရှိ မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိရေး သွင်းအားစုများ၊ ကော်ဖီ၊ ကိုကိုးပျိုးပင်များ ပေးအပ်ပွဲနှင့် မိုးစပါး ပျက်စီးဆုံးရှုံးမှုအတွက် သွင်းအားစုစိုက်ထုတ်သုံးစွဲငွေများ ချီးမြှင့်ပေးအပ်ပွဲတက်ရောက်

မြိတ် မေ ၃၀

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်း၌ မြိတ်မြို့ ပုလဲရတနာခန်းမတွင် ကျင်းပသည့် မြိတ်ခရိုင်အတွင်းရှိ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကျေးရွာများအတွက် သွင်းအားစုများပေးအပ်ခြင်း၊ ကော်ဖီ၊ ကိုကိုးပျိုးပင်များ အခမဲ့ပေးအပ်ခြင်းနှင့် (၂၀၂၄) ခုနှစ်အတွင်း ရာဂီမုန်တိုင်းမတိုင်မီ ရေကြီးရေလျှံမှုများကြောင့် တနင်္သာရီမြို့နယ်အတွင်း မိုးစပါး(၂၆၄၅)ဧက ပျက်စီးဆုံးရှုံးမှုအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် သွင်းအားစုစိုက်ထုတ်သုံးစွဲ​ငွေ၏ (၂၅)ရာခိုင်နှုန်း ချီးမြှင့်ငွေပေးအပ်ခြင်း အခမ်းအနား တက်ရောက်ခဲ့ကြောင်း သိရသည်။

ပေးအပ်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တနင်္သာရီတိုင်းဒေသကြီး ဒေသဝမ်းစာ ဖူလုံရေးအတွက် သီးနှံများပန်းတိုင် အထွက်နှုန်းရရှိရေးနှင့် တစ်ဧကအထွက်နှုန်းတိုးတက်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း၊  အခုလိုမိုးစပါးစိုက်ပျိုးနေသည့် အချိန်ကာလတွင် ရေမြေဒေသနှင့် ကိုက်ညီသည့် မျိုးကောင်း မျိုးသန့်မျိုးစေ့များ၊ အရည်အသွေးပြည့်မီသည့် သွင်းအားစုများနှင့် ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးနည်းစနစ်များဖြင့် မှန်ကန်စွာ စိုက်ပျိုးဆောင်ရွက်နိုင်မှသာ အထွက်ကောင်းသည့် ရလဒ်များရရှိနိုင်မည်ဖြစ်သည့်အတွက် အကျိုး ဆောင်တောင်သူများအား မျိုးစေ့နှင့် သွင်းအားစုများကိုလည်း ချီးမြှင့်ပေးအပ်ခြင်းဖြစ်ကြောင်း၊ ဒါ့အပြင် ဈေးကွက်ဝင် အမယ်သစ်သီးနှံများဖြစ်သည့် ကိုကိုး၊ ကော်ဖီစသည့် သီးနှံများ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး ရေ၊ မြေ၊ ရာသီဥတုနဲ့ကိုက်ညီသည့် ကိုကိုး၊ ကော်ဖီပျိုးပင်များကို အခမဲ့ ဖြန့်ဖြူးပေးနေတာဖြစ်သည့်အတွက် တောင်သူများအနေဖြင့် ကိုကိုး၊ ကော်ဖီစိုက်ဧရိယာတွေ တိုးချဲ့စိုက်ပျိုးဆောင်ရွက်သွားကြမည် ဆိုရင်တချိန်မှာ တောင်သူများ၏ တစ်ဦးချင်းဝင်ငွေ တိုးတက်လာပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မည်လည်းဖြစ်ကြောင်း၊ တောင်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးကို ရှေးရှုဆောင်ရွက်တာ ဖြစ်သည့်အတွက် ယနေ့ပေးအပ်သည်များကို တောင်သူများအနေဖြင့် ထိထိမိမိအသုံးချပြီး ပန်းတိုင်အထွက်နှုန်းရရှိရေးကို ဦးတည်ဆောင်ရွက်ရန်လိုသလို သီးထပ်၊ သီးညှပ်ဧကများ တိုးတက်ရရှိကာ သီးထပ်စွမ်းအား တိုးတက်နိုင်ရန် ဆထက်ထမ်းပိုး ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားသည်။

ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းထိုက်က သွင်းအားစုများ၊ ပျိုးပင်များ အခမဲ့ပေးအပ်ခြင်းနှင့် မိုးစပါး ပျက်စီးဆုံးရှုံးမှုအတွက် သွင်းအားစုစိုက်ထုတ်သုံးစွဲ​ငွေများ ချီးမြှင့်ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့် တာဝန်ရှိသူများက မြိတ်ခရိုင်အတွင်းရှိ မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေးစံပြကျေးရွာများအတွက် သွင်းအားစုများဖြစ်သည့် မျိုးစပါး ဆင်းသုခ(၁၂၀၀)တင်း၊ ကွန်ပေါင်းဓာတ်မြေဩဇာ(၆၀၀)အိတ်၊ သဘာဝမြေဩဇာ(၂၄၀၀)အိတ် အကျိုးဆောင် တောင်သူများအား ပေးအပ်ပြီး ကော်ဖီပျိုးပင်(၂၀၀၀၀)၊ ကိုကိုးပျိုးပင်(၅၀၀၀)ကို နှစ်ရှည်သီးနှံ စိုက်ပျိုးသူ အကျိုးဆောင် ခြံရှင်များအား အခမဲ့ပေးအပ်သည်။ 

ထို့အတူ (၂၀၂၄)ခုနှစ်အတွင်း ရာဂီမုန်တိုင်းမတိုင်မီ ရေကြီးရေလျှံမှုများကြောင့် တနင်္သာရီမြို့နယ်အတွင်း မိုးစပါး(၂၆၄၅)ဧက ပျက်စီးဆုံးရှုံးမှုအတွက် သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် သွင်းအားစု စိုက်ထုတ်သုံးစွဲ​ငွေ၏ (၂၅)ရာခိုင်နှုန်းဖြစ်သည့် တစ်ဧက(၅၀၀၀၀)ကျပ်နှုန်းဖြင့် ကျပ်သိန်း (၁၃၂၂.၅ဝ) ချီးမြှင့်ပေးအပ်ရာ တောင်သူများ ကိုယ်စားတောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ အခမ်းအနားအပြီးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့် တက်ရောက်လာကြသူများက စိုက်ပျိုးရေးဦးစီးဌာန၏ တောင်သူပညာပေးပြခန်းအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ခိုင်ထူး ( ပြန်/ဆက် )