မြိတ် မေ ၂၉
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းတွင် မြိတ်မြို့ သားဖွားသင်တန်းကျောင်းတွင် ဘက်စုံသားဖွား ဒီပလိုမာလက်မှတ်ရစာမေးပွဲ ဖြေဆိုအောင်မြင်ကြသည့် သင်တန်းသူများအား သစ်လွင်သားဖွားအလုပ်ခန့်အပ်လွှာအပ်နှင်းပွဲ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးမြတ်ကိုက နိုင်ငံတစ်နိုင်ငံ၏ ကျန်းမာရေးညွှန်းကိန်းများဖြစ်သည့် မိခင်သေနှုန်း၊ မွေးကင်းစကလေးသေနှုန်း၊ (၅)နှစ်အောက် ကလေးသေနှုန်း အစရှိသည့် ကျန်းမာရေးညွှန်းကိန်းများကို တာဝန်ယူဆောင်ရွက်နေကြသော သားဖွားဆရာမများဖြစ်သည်နှင့်အညီ ပြည်သူလူထုကျန်းမာရေးကို ကောင်းစွာတာဝန်ယူစောင့်ရှောက်နိုင်ရန်လိုအပ်ကြောင်း၊ တိုးတက်လာသည့် မျက်မှောက်ခေတ်ဆေးပညာရပ်များ၊ သူနာပြုစုမှုပညာရပ်များ၊ သားဖွားအတတ်ပညာရပ်များအပြင် ကွန်ပျူတာနည်းပညာများနှင့် သတင်းအချက်အလက်နည်းပညာများကိုလည်း မျက်ခြေမပြတ် လေ့လာသင်ယူနေရင်း မိမိ Professional တိုးတက်အောင် ကြိုးစားကြရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး ဝန်ကြီးများက သားဖွားသင်တန်းကျောင်းတွင် သင်တန်းကာလ (၂) နှစ်တာကာလအတွင်း စာတွေ့/လက်တွေ့ သင်ခန်းစာများ လေ့ကျင့်မှုများအပြင် ဘက်စုံသားဖွားဒီပလိုမာစာမေးပွဲဖြေဆိုအောင်မြင်ကြသည့် သင်တန်းသူများအား သစ်လွင်သားဖွားဆရာမများအား အလုပ်ခန့်အပ်လွှာများပေးအပ်ကြရာ သစ်လွင်သားဖွားဆရာမများကိုယ်စား သစ်လွင်သားဖွားဆရာမတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ဘက်စုံသားဖွားဒီပလိုမာသင်တန်းသူများက သူနာပြုသစ္စာအဓိဋ္ဌာန် ရွတ်ဆိုကြသည်။
ပြည်သူ့လူထုနှင့် တိုက်ရိုက်ထိတွေ့၍ အခြေခံကျသည့် ကျန်းမာရေးစောင့်ရှောက်မှုများအား တာဝန်ယူဆောင်ရွက်ကြမည့် သားဖွားဆရာမများကို ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ မြိတ်မြို့ရှိ သားဖွားသင်တန်းကျောင်းအနေဖြင့် ယခုသင်တန်းအထိ အောင်လက်မှတ်ရ သားဖွားဆရာမ (၆၇၈)ဦး၊ ဒီပလိုမာလက်မှတ်ရ သားဖွားဆရာမ (၃၂၇)ဦး စုစုပေါင်း (၁၀၀၅)ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး ဒေသတွင်း ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြသည်။
ဘက်စုံသားဖွားဒီပလိုမာသင်တန်းသူများကို သင်တန်းကာလ (၂)နှစ်တာကာလအတွင်း သူနာပြုသားဖွားဆိုင်ရာကျင့်ဝတ်များ၊ သားဖွားများကျွမ်းကျင်ရန် လိုအပ်သောသူနာပြုစုမှုအတတ်ပညာများ၊ ကိုယ်ဝန်ဆောင်စဉ်၊ မွေးဖွားစဉ် မွေးဖွားပြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုဘာသာရပ်များ၊ မျိုးဆက်ပွားကျန်းမာရေး သာသာရပ်များ၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုစနစ် သုတေသန၊ ကွန်ပျုတာ၊ အင်္ဂလိပ်စာ၊ ကာကွယ်ဆေးထိုးလုပ်ငန်းနှင့် နာမကျန်းကလေးပြုစုစောင့်ရှောက်မှုဘာသာရပ်များကို စာတွေ့၊ လက်တွေ့ သင်ကြားလေ့ကျင့်ပေးခဲ့ကြောင်း သင်တန်းကျောင်းမှ သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )