နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ရန်အောင်မြင်ဆည်နှင့် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁) ပြန်လည်ပြုပြင်နေမှု များအားကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၃၀

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့ညနေပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ အမျိုးသားပရဆေးဥယျာဉ်သို့သွားရောက်ပြီး ဆေးဖက်ဝင်အပင်များ စိုက်ပျိုးထားရှိမှုအား ကြည့်ရှုစစ်ဆေးကာ မိုးရာသီတွင် ဆေးဖက်ဝင်အပင်များ တိုးချဲ့စိုက်ပျိုးမည့်အစီအမံများ ရေးဆွဲဆောင်ရွက်ရန်၊ ပရဆေးဥယျာဉ် အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးနှင့် အမြဲတမ်း စိမ်းလန်းစိုပြည် သာယာစေရေးဆောင်ရွက်ရန်တို့ကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ရန်အောင်မြင်ဆည်သို့ သွားရောက်၍ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပင်မတမံနှင့် ကုန်းကျောတမံများ ပြန်လည်ပြုပြင်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တမံအောက်ခြေတွင်‌ ရေဝပ်နေသည့်နေရာများ အမြန် ဖောက်ထုတ်နိုင်ရေး၊ လုပ်ငန်းများအမြန် ပြီးစီးအောင် ဆောင်ရွက်ရေးတို့ကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁)သို့ရောက်ရှိပြီး ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများကို ပြန်လည်ပြုနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ တင်ပြချက်များအပေါ်  လုပ်ငန်းများအပိုင်းလိုက် အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ ထိခိုက်ပျက်စီးသည့် အစိတ်အပိုင်းများအား စနစ်တကျဖယ်ရှားရှင်းလင်းရေးနှင့် ရေရှည်ခိုင်ခံ့မှုရှိအောင် စံချိန်၊ စံညွှန်းနှင့်အညီ ပြုပြင်ဆောင်ရွက်ရေးတို့ကိုမှာကြားခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေသော လုပ်သားများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ဥတ္တရ)