အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ပြုပြင်မွမ်းမံမှုလုပ်ငန်းများ အချိန်မီပြီးစီးရေး ကျွမ်းကျင်ပညာရှင်များ၊ စက်ယန္တယားကြီးများဖြင့် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်

ညောင်ရွှေ မေ ၃၀

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား စံကျောင်းတော်နှင့် ရင်ပြင်တော်၊ ကရဝိတ်ဖောင်တော်တို့သည် မတ်လ(၂၈)ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး ဘုရားဖူးလာပြည်သူများ ထိခိုက်မှုများ မဖြစ်ပေါ်စေရေးအတွက် ဘုရာဂေါပကအဖွဲ့မှ စံကျောင်းတော်အတွင်း ဝင်ရောက်ဖူးမြော်ကြည်ညို ခွင့်ကို ယာယီရပ်နားထားခဲ့ကြောင်း သိရသည်။

ထိခိုက်ပျက်စီးမှုများ အမြန်ဆုံးပြန်လည်ပြုပြင် မွမ်းမံဆောင်ရွက်နိုင်ရန် နိုင်ငံတော်အစိုးရ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့တို့၏ လမ်းညွှန်မှာကြားချက်နှင့်အညီ ကျွမ်းကျင်ပညာရှင်များ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ၊ လုပ်အားဒါနရှင်များက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။

ယခုအချိန်တွင် စံကျောင်းတော်ကုန်းမြေ ပိုမိုခိုင်ခန့်စေရေးအတွက် သံမဏိ Sheed Pile ရိုက်ခြင်းလုပ်ငန်း၊ ပင်မစံကျောင်းတော်တိုင်များ ထပ်ပိုးကွန်ကရစ်လောင်းခြင်းနှင့် လှေခါးကြီးများ ပြင်ဆင်ခြင်း၊ ရင်ပြင်တော် ကွဲအက်မှုများ ပြုပြင်ခြင်းနှင့် အခြားဘက်စုံပြုပြင်မွမ်းမံမှုလုပ်ငန်းများကို ကျွမ်းကျင်ပညာရှင်များ၊ စက်ယန္တယားကြီးများဖြင့် အချိန်မီပြီးစီးရေး အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိပြီး အနယ်နယ်အရပ်ရပ်မှ စေတနာရှင်အလှူရှင်များကလည်း အလှူငွေနှင့်ပစ္စည်းများ ပါဝင်ကုသိုလ်ယူ ထည့်ဝင်လှူဒါန်းလျက်ရှိကြကြောင်း သိရသည်။

စိုင်းအယ်ဘဲ