တောင်ကြီး မေ ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီခွဲက စိုက်ပျိုးရေးကုန်ကြမ်းသီးနှံအခြေခံ၍ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးနိုင်ထူးက အဖွင့်အမှာစကားပြောကြားရာတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့်ဌာန၏ မျှော်မှန်းချက်နှင့်အညီ လုပ်ငန်းတာဝန်များ ဆောင်ရွက်သည့်နေရာမှာ ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ် အလုပ်အကိုင်ဝင်ငွေရရှိစေမည့် အသက်မွေးဝမ်းကျောင်းပညာ ကာလတိုသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအထူးရန်ပုံငွေ (၂၀၂၄) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ စားသောက်ကုန်လုပ်ငန်း စနစ်တကျတည်ထောင်လုပ်ကိုင်ဆောင်ရွက်လိုသူများ ပေါ်ထွန်းလာစေရေးအတွက် သင်တန်းအမျိုးအစား (၄) ခုဖြစ်သည့် တာရှည်ခံသဘာဝသစ်သီးဖျော်ရည်၊ ယိုနှင့် သစ်သီးခြောက် အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်း၊ Bakery and Snack အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်း၊ ရေခဲမုန့်၊ အအေးနှင့် အဖျော်ယမကာ ထုတ်လုပ်မှုနည်းပညာသင်တန်း၊ အသင့်စား စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းများကို အခမဲ့သင်ကြားပေးသွားမည်ဖြစ်ပါကြောင်း၊ ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်ဖို့ စိတ်ဝင်စားပြီး Bakery and Snack သင်တန်းတက် ရောက်လိုသူ သင်တန်းသား (၁၅) ဦးကို ရွေးချယ်ပြီး ဒီသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် သင်တန်းသားတစ်ဦးချင်းက မိတ်ဆက်စကားပြောကြားခဲ့သည်။ အဆိုပါ သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၁၅ ဦးတက်ရောက်ပီး သင်တန်းတွင် ချောကလက်ကိတ်၊ ကိတ်ခြောက်၊ ဗင်နီလာကိတ်၊ ပူတင်း၊ လျှာပေါ်ဝဲ၊ ကွတ်ကီး၊ ဒိုးနတ်၊ နံကထိုင်၊ ပေါင်မုန့်၊ သီးစုံကိတ် စသည်တို့နှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းမြှင့်တင်ရေးဥပဒေအကြောင်း၊ တာရှည်ခံဓာတုဆေးဝါးများအကြောင်းတို့ကို မေလ ၂၉ ရက်မှ ဇွန်လ ၄ ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇင်(ပြည်နယ်၊ ပြန်/ဆက်)