ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဟိုပုံးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ဟိုပုံး မေ ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက  အမှာစကားပြောကြားရာတွင် နိုင်ငံသားတိုင်း အခြေခံပညာအဆင့်အလိုက် သတ်မှတ်ကာလအတွင်း သင်ယူပြီးမြောက်စေရေးအတွက် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းနေရေးနှင့် ကျောင်းနေသည့် ကလေးတိုင်း ကျောင်းနေမြဲရေးလုပ်ငန်းကို ‌ဒေသအာဏာပိုင်များ၊ ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ မိဘဆရာအသင်း၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ ပညာရေးစေတနာရှင်များနှင့် မိဘပြည်သူများပူးပေါင်းပါဝင်ကူညီမှုဖြင့် နှစ်စဉ်နှစ်တိုင်း မေလနောက်ဆုံးရက်သတ္တပတ်ကို “ကျောင်းအပ်နှံရေးသီတင်းပတ်” အဖြစ်သတ်မှတ်ပြီး နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းအသီးသီးမှာ ကျောင်းအပ်နှံရေးအခမ်းအနားကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံရှိ ပြည်သူပြည်သားတိုင်း အတန်းပညာမြင့်မားရန် နိုင်ငံတော်က ပညာသင်အရွယ်တိုင်း KG + Grade-9 အဆင့် အနည်းဆုံးပြီးမြောက်ရန် စီမံချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ကျောင်းနေအရွယ်ကလေးတိုင်း အခက်အခဲမရှိ ကျောင်းနေနိုင်ရေးအတွက် အခမဲ့ပညာရေးစနစ်ကို အကောင်အထည်ဖော်‌ဆောင်ရွက်လျက်ရှိပြီး ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ ကျောင်းဝတ်စုံများကို အခမဲ့ဖြန့်ဝေလျက်ရှိသည့်အပြင် သင်ယူမှုဝန်းကျင်ကောင်းများဖြစ်ထွန်းစေရေးအတွက် ကျောင်း‌ထောက်ပံ့ကြေးများ၊ ပညာသင်ထောက်ပံ့ကြေးများကို ပေးအပ်လျက်ရှိပါကြောင်း၊ ထို့အပြင် အတန်းစဉ်အလိုက်လိုအပ်သည့် သင်ကြားသင်ယူမှုအထောက်ကူပစ္စည်းများကိုလည်း ထောက်ပံ့ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးအတွက် ရည်ရွယ်လျက် နွေရာသီကျောင်းပိတ်ရက်များကို အကျိုးရှိရှိ အသုံးပြုတတ်စေရန် နွေရာသီကင်းထောက်လူငယ်သင်တန်းများ၊ အားကစားသင်တန်းများ၊ ယဉ်ကျေးလိမ္မာသင်တန်းများကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့တွင် ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိသည့်ကို တွေ့ရပါကြောင်းပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးဝင်းညွန့်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက အထက်တန်းအဆင့် Grade-12 ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ ပုံနှိပ်စာအုပ်များကိုလည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးမျိုးအောင်က အထက်တန်းအဆင့် Grade-11 ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ ဗလာစာအုပ်နှင့် ဘောပင်များကိုလည်းကောင်း၊  ဗလာစာအုပ်နှင့် ဘောပင်များကိုလည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ညီညီတင်က မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ကျောင်းဝတ်စုံများကိုလည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယရဲမှူးကြီး သန်းဋ္ဌေးအောင်က မူလတန်းဆင့် ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ကျောင်းဝတ်စုံများကိုလည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးနေမျိုးလှိုင်က အလယ်တန်းအဆင့် Grade-8 ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့် ဘောပင်များကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးမြင့်ထွန်းက အထက်တန်းအဆင့် Grade-11 နှင့် Grade-12 ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့်ဘောပင်များကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်ကောင်းချစ်ထွန်းက မူလတန်းဆင့် ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ကျောင်းဝတ်စုံများကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးဌေးအောင်က မူလတန်းဆင့် အခမဲ့ကျောင်းဝတ်စုံများကိုလည်းကောင်း၊ မြို့နယ်ပညာရေးမှူး ဦးဝင်းညွန့်က မူလတန်းဆင့် ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ ပုံနှိပ်စာအုပ်များကိုလည်းကောင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူး ‌ဒေါ်နန်းလှမေနှင့် အဖွဲ့၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင် ဒေါ်နန်းစံခမ်းတို့က မြို့နယ်ပညာရေးမှူးအား ကျောင်းအပ်နှံရေးနေ့အခမ်းအနားအတွက်  အလှူငွေများကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

ဟိုပုံးမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၈) ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) (၃)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၉)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ (၁၂)ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း (၁၉)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း (၁၁၄)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း(ခွဲ) (၁၆)ကျောင်း စုစုပေါင်း (၁၈၁) ကျောင်းရှိပြီး မေလ(၂၉)ရက်နေ့အထိ အထက်တန်းအဆင့်ကျောင်းသား/သူ (၇၆၂)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား/သူ (၃၀၇၃)ဦး၊ မူလတန်းအဆင့် ကျောင်းသား/သူ (၁၁၃၉၈)ဦး စုစုပေါင်း ကျောင်းသား/သူ (၁၅၂၃၃)ဦး ကျောင်းအပ်နှံပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)