မိုင်းဆတ်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

မိုင်းဆတ် မေ ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း (မိုင်းဆတ်)၊ မြတ်ပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ အခမ်းအနားကို အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း(ထ-ခွဲ)မှ ကျောင်းသား၊ ကျောင်းသူလေးများက ''မြန်မာကျောင်း''သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပြီး ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီထွေးက အမှာစကားပြောကြားသည်။

ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအားလွန်နှင့် တာဝန်ရှိသူတို့က ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာပစ္စည်းများအား ထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာ အခြေခံပညာကျောင်းများမှ တာဝန်ရှိသူတို့က လက်ခံရယူကြပြီး အခြေခံပညာအထက်တန်းကျောင်း(မိုင်းဆတ်)မှ ကျောင်းသား၊ ကျောင်းသူလေးများက ''ဇာတိမာန်''သီချင်းဖြင့် သီဆိုဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)