တာချီလိတ်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ

တာချီလိတ် မေ ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေး အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်အတန်းကျောင်း(တာချီလိတ်) ခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားကို အ-ထ-က(ဆန်ဆိုင်း)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ကျောင်းသွားကြမယ်” သီချင်းဖြင့် သီဆိုဖွင့်လှစ်ကာ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး တာချီလိတ်ခရိုင် ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်ဝင်းကြည်က ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဆောင်ပုဒ်ဖြစ်သည့် “‌ကျောင်းနေအရွယ်ကလေးများအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ဆရာ၊ ဆရာမများနှင့် မိဘအုပ်ထိန်းသူများအနေဖြင့် မိမိပတ်ဝန်းကျင်ရှိ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံကြစေရေး စည်းရုံးဆောင်ရွက်သွားကြရန် ရှင်းလင်းပြောကြားသည်။

ထို့နောက် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မင်းထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာမျိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးသော ကျောင်းသုံး ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများ၊ ကျောင်းဝတ်စုံများအား သက်ဆိုင်ရာ ကျောင်းများအလိုက် ကျောင်းအုပ် ဆရာကြီး/ ဆရာမကြီးများအား ထောက်ပံ့ပေးအပ်သည်။

အဆိုပါ အခမ်းအနားသို့ စစ်ဗျူဟာမှူးနှင့်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင် ကော်မတီဝင်များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)