မြဝတီ မေ ၂၉
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၌ ဇွန်လ ၆ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ နေ့လယ် ၁၄:၀၀ နာရီတွင် ရေပူစမ်းကျေးရွာ၊ ဆွမ်းလောင်းဓမ္မာရုံ၌ ကျင်းပသည်။
အဆိုပါ ဟောပြောပွဲတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးရန်နိုင်ထွန်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဖြစ်ပေါ်လာပုံ၊ ယခုနှစ်ဆောင်ပုဒ်ဖြစ်သည့် “ကမ္ဘာတစ်ဝန်း ပလပ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေး စုပေါင်းအားဖြင့်ဆောင်ရွက်ပေး” ဆောင်ပုဒ်နှင့်အညီ လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ပလပ်စတစ်အိတ်သုံးစွဲမှု လျော့ချရေးတို့ကို ရှင်းလင်းဟောပြောပေးပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက ဌာန၏ဖွဲ့စည်းပုံ၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ အသိပညာပေးလုပ်ငန်း ဆောင်ရွက်နေမှုများ၊ ယခုလို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ရှင်းလင်းဆွေးနွေးသည့် အချက်များကိုသိရှိရန် စာပေများဖတ်ရှု ကြရန်လိုပါကြောင်း ကျေးရွာနေပြည်သူများအနေဖြင့် မိမိသာမက မိမိတို့၏သားသမီးများကိုလည်း စာကောင်းပေမွန်များကို ဖတ်ရှုကြရန် တိုက်တွန်းစေလိုပါကြောင်း၊ စာပေများဖတ်ရှုကြခြင်းဖြင့် အသိပညာဗဟုသုတရရှိစေပြီး မိမိတို့မြို့၏ အနာဂတ်ဘဝ သာယာလှပလာမှာ ဖြစ်သည့်အတွက် စာပေများဖတ်ရှု လေ့လာကြရန် အသိပညာပေး ဆွေးနွေးဟောပြောသည်။
ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးလင်းထက်အောင်က မီးခိုးမြူငွေ့ဆိုးကျိုးအန္တရာယ်များနှင့် ပတ်ဝန်းကျင် လေထု၊ မြေထု၊ ရေထုညစ်ညမ်းမှုမှ ကာကွယ်နိုင်ရန် လိုက်နာဆောင်ရွက်ရမည့်အချက်များအား အသိပညာပေးဟောပြောပြီး တက်ရောက်လာကြသည့် ကျေးရွာနေပြည်သူများအား ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)