ပုဇွန်တောင် မေ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်းကို “ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ(၂၂)ရက်နေ့မှ စတင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ ကျောင်းသား/ကျောင်းသူစုစုပေါင်း (၂၃၉၄)ဦး ကျောင်းအပ်နှံပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ကျောင်းအပ်နှံခြင်းများကို အခမဲ့ပညာရေးစနစ်ဆိုင်ရာ ပံ့ပိုးမှုအစီအစဉ် လမ်းညွှန်ချက်များအား မိဘ၊ အုပ်ထိန်းသူများနှင့် ပြည်သူအားလုံးသိရှိနိုင်စေရန် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ထားရှိ၍ ဇွန်လ ၂ ရက်နေ့တွင် ကျောင်းများစတင်ဖွင့်လှစ်မည်ဖြစ်သည်။
ပုဇွန်တောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၁၆)ကျောင်းတွင် အခြေခံပညာမူလတန်းတွင် (၁၅၂၇) ဦး၊ အလယ်တန်းတွင် (၅၁၂)ဦး၊ အထက်တန်းတွင် (၃၅၅)ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၂၃၉၄)ဦးအား ကျောင်းအပ်လက်ခံဆောင်ရွက်ပြီးစီးပြီဖြစ်၍ ရာခိုင်နှုန်းအားဖြင့် ၈၉ ရာခိုင်နှုန်း လက်ခံပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ အဆိုပါ ကျောင်းအပ်နှံမှုများအား ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်နှင့် အဖွဲ့ဝင်များ၊ ပုဇွန်တောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့်အဖွဲ့ဝင်များ၊ ဗိုလ်တထောင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဝင်းကြည်၊ ပုဇွန်တောင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းအေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးအသင်းဝင်များမှ လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
ဟန်စုယဉ်