မှော်ဘီ မေ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းအစီအစဉ်ဖြင့် အခြေခံစက်ချုပ်နည်းပညာသင်တန်းကို မေလ ၂၇ ရက်နေ့က မှော်ဘီမြို့နယ်၊ ညောင်ကုန်းကျေးရွာအုပ်စု၊ ပန်းတစ်ပွင့်တောင်မုဒ်ဦးကျောင်းတိုက်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မှော်ဘီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဝင်းက အဖွင့်အမှာစကားပြောကြားပြီး မှော်ဘီခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲဇော်ထွန်းက ဌာန၏လုပ်ဆောင်နေမှုများ၊ စီမံကိန်းလုပ်ငန်း ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ စီမံကိန်းအကျိုးကျေးဇူးများ၊ လုပ်ငန်းထူထောင်နိုင်ရန် လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးမည့် အစီအစဉ်များ၊ လုပ်ငန်းထူထောင်မည့်သူများ ရွေးချယ်ရာတွင် အမှန်တကယ်လုပ်ငန်း ထူထောင်မည့်သူများကိုသာ ရွေးချယ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါစက်ချုပ်နည်းပညာသင်တန်းကို (၁)လကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသူ(၁၅)ဦး တက်ရောက်ခဲ့ကြသလို သင်တန်းဖွင့်ပွဲသို့ မှော်ဘီခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးရဲဇော်ထွန်း၊ မှော်ဘီမြို့နယ် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဝင်း၊ ညောင်ကုန်းကျေးရွာအုပ်စု ပန်းတစ်ပွင့်တောင်ကျေးရွာမှ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ သင်တန်းနည်းပြ ဆရာ/ဆရာမများနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝင်းဇော် (ပြန်/ဆက်)