တပ်ကုန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်  ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

တပ်ကုန်း   မေ ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပရာ အခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ကျောင်းအပ်ကြစို့” သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပြီး ဥတ္တရခရိုင် ပညာရေးမှူး ဒေါက်တာမာမာဇင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူတို့က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ 

ထို့နောက် ခရိုင်ပညာရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ပညာရေးမှူး ဒေါ်သီသီကြိုင်တို့က နိုင်ငံတော်မှ(အခမဲ့)ဖြန့်ဝေသော ပုံနှိပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်များနှင့် ကျောင်းဝတ်စုံများအား ပေးအပ်ရာ ကျောင်းအုပ် ဆရာ/ဆရာမကြီးများက လက်ခံရယူခဲ့ပြီး အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ဇာတိမာန်” သီချင်းသီဆို၍ အခမ်းအနားကို အောင်မြင်စွာကျင်းပခဲ့သည်။

တပ်ကုန်းမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း ၁၄ ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) ၁၆ ကျောင်း၊ အလယ်တန်းကျောင်း ၁၆ ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) ၁၈ ကျောင်း၊ မူလတန်းလွန်ကျောင်း ၄၄ ကျောင်း၊ မူလတန်းကျောင်း ၅၅ ကျောင်း၊ မူလတန်းကျောင်း(ခွဲ) လေးကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း(၆)ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၅)ကျောင်းတို့ မေ ၂၂ရက်မှ ဇွန် ၁ ရက်နေ့ထိ ကျောင်းအပ်လက်ခံ၍ ယနေ့ထိ ကျောင်းသား၊ ကျောင်းသူ ပေါင်း ၃၇၂၄၇ ဦး လာရောက်ကျောင်းအပ်နှံခဲ့ပြီး၊ ဇွန် ၂ ရက်နေ့တွင် စတင်ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တင်စိုးလွင်