နေပြည်တော် မေ ၂၉
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းသည် မေလ ၂၇ ရက် မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ဇမ္ဗူသီရိမြို့နယ် သပြေကုန်းအဝိုင်းအနီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော ပျဉ်းမနား-တောင်ညိုလမ်းနှင့် ရာဇသင်္ဂဟလမ်းမကြီး မြေထိန်းနံရံများအား စက်ယန္တယားများဖြင့် ပြန်လည်ဖယ်ရှားပြုပြင်ဆောင်ရွက်နေမှုများကို သွားရောက်စစ်ဆေးရာ တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက လုပ်ငန်းများ အပိုင်းလိုက် အမြန်ပြီးစီးအောင်ပြုပြင်ရေး၊ ရေရှည်ခိုင်ခံ့မှုရှိအောင် စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေး၊ မြေယာရှုခင်းပန်းအလှပင်များကို စနစ်တကျ ဆယ်တင်ရွှေ့ပြောင်းပြီး ပြန်လည်စိုက်ပျိုးနိုင်ရေးတို့ကို မှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ရာဇသင်္ဂဟလမ်းနှင့် ရာဇဌာနီလမ်းများသို့ သွားရောက်ပြီး ငလျင်ဘေးဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် လမ်းပိုင်းများအား စက်ယန္တယားများဖြင့် ပြန်လည်ပြုပြင်နေမှုနှင့် လမ်းခင်းခြင်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဥတ္တရသီရိမြို့နယ် ကျိုင်းတုံလမ်းသို့သွားရောက်ပြီး ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ပင်မရေပိုက်လိုင်းများနှင့် ရေပေးဝေရေးပိုက်လိုင်းများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး သောက်သုံးရေများ ရာနှုန်းပြည့်အမြန်ပြန်လည်ရရှိအောင် ဆောင်ရွက်ရေး၊ လုပ်သားအင်အား တိုးမြှင့်ဆောင်ရွက်ရေးတို့ကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်၍ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက နေပြည်တော်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုမှတ်တမ်းအတွက် ပြုစုတင်ပြနိုင်ရေး၊ နှစ်စဉ်စီမံကိန်းရည်မှန်းချက်များကို လျာထားချက်ကျော်လွန်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် မဲစာရင်းများ မှန်ကန်စွာပြုစုဆောင်ရွက်ရေး၊ တရားမဝင်ကုန်သွယ်မှုလုပ်ငန်းများ မရှိစေရေးအတွက် ထိထိရောက်ရောက် တာဆီးဖော်ထုတ်ဖမ်းဆီးဆောင်ရွက်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဌာနများမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရေး၊ စိုက်ပျိုးရေးကဏ္ဍတွင် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ သီးထပ်စွမ်းအားတိုးမြှင့်နိုင်ရေးနှင့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေး၊ ဝန်ထမ်းများအတွက် သက်သာချာင်ချိရေးကိစ္စရပ်များ ဆောင်ရွက်ပေးရေး၊ လိုင်စင်မဲ့ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များ စီးနင်းမှုမရှိစေရေး၊ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံဆောင်ရွက်နိုင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရေးအတွက် မိုးရာသီတွင် သစ်ပင်များတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ငလျင်ဘေးပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပျက်ဆောင်ရွက်ရေးနှင့် သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိရန် ပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များမှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ပျဉ်းမနားမြို့နယ် ပေါင်းလောင်းအားကစားကွင်း၌ ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၁၈ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် မြန်မာ့ဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ မျိုးဆက်သစ် လူငယ်ဘောလုံးအားကစားသမားများပေါ်ထွန်းလာစေရေး၊ ယခုပြိုင်ပွဲမှ ထူးချွန်သည့် အားကစားသမားများကို ရွေးချယ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးပြိုင်ပွဲများတွင် နေပြည်တော်ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး၊ ယှဉ်ပြိုင်ကစားရာတွင် အသင်းအဖွဲ့စိတ်ဓာတ်အပြည့်ဖြင့် စုစုစည်းစည်းညီညီညွတ်ညွတ်ဖြင့် ယှဉ်ပြိုင်ကစားရန်လိုကြောင်း၊ အားကစားသမားများမှလည်း အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင်ကစားရန်လိုကြောင်းနှင့် နိုင်ငံတော်မှ အားထားရသည့် လက်ရွေးစင်ဘောလုံးအားကစားသမားများဖြစ်လာအောင် ကြိုးစားကြရန်လိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ယင်းနောက် ဇမ္ဗူသီရိမြို့နယ်အသင်းနှင့် ပျဉ်းမနားမြို့နယ်အသင်းတို့ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ယခုကျင်းပသည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၁၈ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို မြို့နယ် ၈ မြို့နယ်မှ အသင်း ၈ သင်းဖြင့် မေလ ၂၈ ရက်နေ့မှ ဇွန်လ ၆ ရက်နေ့အထိ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးသီဟ (ပြန်/ဆက်)