ညောင်ဦး မေ ၃၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံနိုင်ရေးအတွက် ကျောင်းအပ်နှံနိုင်ရေး အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ညောင်ဦးမြို့(အခြေခံပညာ အထက်တန်းကျောင်း) ပန်းမျိုးတစ်ရာခန်းမတွင်ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းသား၊ ကျောင်းသူလေးများမှ ကျောင်းအပ်နှံကြပါစို့ သီချင်းဖြင့်သီဆို၍အခမ်းအနားဖွင့်လှစ်သည်။ ပြီးနောက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံနိုင်ရေးအခမ်းအနားတွင် ညောင်ဦးခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုကအဖွင့်အမှာစကား ပြောကြားသည်။ ညောင်ဦးခရိုင်၊ အခြေခံပညာဦးစီးဌာန၊ ခရိုင်ပညာရေးမှူး ဦးကျော်ဝင်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း ကျောင်းများဖွင့်လှစ်သွားမည့် အခြေအနေနှင့် ကျောင်းနေရွယ်ကလေးတိုင်း ကျောင်းအပ်နှံနိုင်ရေးအတွက် ကျောင်းများအလိုက် စီစဉ်ဆောင်ရွက်ထားရှိမှုများ၊ ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးအပ်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်၊ ညောင်ဦးခရိုင် ပညာရေးမှူး ဦးကျော်ဝင်းတို့က အခမဲ့ပေးအပ်သည့် ကျောင်းဝတ်စုံများနှင့် ကျောင်းသုံးစာအုပ်/စာရေးကိရိယာများကို ပေးအပ်ကြရာ ညောင်ဦးမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူများကိုယ်စား ညောင်ဦးမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ဆရာမကြီးများကလက်ခံရယူသည်။ အဆိုပါ အခမ်းအနားသို့ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့်မြို့နယ်စီမံအဖွဲ့ဝင်များ ၊ညောင်ဦးခရိုင် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ ညောင်ဦးမြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ အခြေခံပညာ အထက်တန်းကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း၊ အခြေခံပညာ မူလတန်းလွန်ကျောင်း၊ အခြေခံပညာဘုန်းတော်ကြီးသင်ကျောင်းမှ ကျောင်းဆရာ/ ဆရာမကြီးများ တက်ရောက်ခဲ့ကြပြီး အခြေခံပညာအထက်တန်းကျောင်း (ညောင်ဦး) ကျောင်းသား၊ ကျောင်းသူလေးများမှ ပညာသည်သာရတနာ သီချင်းဖြင့် သီဆိုဖျော် ဖြေကြ ပြီး မြို့နယ်အဆင့်ကျောင်းအပ်နှံရေး အခမ်းအနား အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ဒီပါလင်း