မြိတ် မေ ၃၀
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မေလ(၂၉)ရက် နံနက်ပိုင်းတွင် မြိတ်တက္ကသိုလ်ဝင်းအတွင်း စိမ်းလန်းစိုပြည်သာယာလှပရေး (၂၀၂၅)ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော် တက်ရောက်ပြီး ဝန်ကြီးချုပ် ဦးဆောင်၍ မိုးရာသီသစ်ပင်များကို တက်ရောက်လာကြသူများနှင့်အတူ တပျော်တပါး စိုက်ပျိုးပေးကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက တက္ကသိုလ်ပါမောက္ခချုပ်၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များအား ပျိုးပင်များပေး အပ်ကြပြီး ဝန်ကြီးချုပ်က သစ်မင်းပျိုးပင်ကိုလည်းကောင်း၊ တိုင်းမှူးနှင့် တိုင်းဒေသကြီးဝန်ကြီးများက ပိတောက်၊ သင်္ကန်း၊ ခရေ၊ ပျဉ်းကတိုး ပျိုးပင်များကိုလည်းကောင်း စိုက်ပျိုးပေးကြသည်။
သစ်ပင်စိုက်ပျိုးပွဲတော်တွင် ပျဉ်းကတိုး၊ မဟော်ဂနီ၊ သင်္ကန်း၊ ခရေ၊ စိန်ပန်း၊ မန်ဂျန်းရှား၊ ကံ့ကော်၊ ပိတောက် စသည့် အပင်များ စိုက်ပျိုးကြပြီးစုစုပေါင်းပျိုးပင် (၁၂၁၀)ပင်ကို ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ဝန်ကြီးများ၊ မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ တက္ကသိုလ်ပါမောက္ခချုပ်နှင့် ဆရာ/မများ၊ ကျောင်းသား/သူများ၊ သားဖွားသင်တန်းကျောင်းနှင့် အိမ်တွင်းမှုသင်တန်းကျောင်းမှ သင်တန်းသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များက တပျော်တပါး စိုက်ပျိုးကြသည်။
ထို့နောက် သစ်ပင်စိုက်ပျိုးပွဲတော်တွင် တပျော်တပါး စိုက်ပျိုးနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကြပြီး မြိတ်တက္ကသိုလ်ဝင်းအတွင်း (၂၀၂၄) မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်တွင် စိုက်ပျိုးခဲ့ကြသည့် ရှင်သန်ကြီးထွားလျက် ရှိသော သစ်ပင်များအား သွားရောက်ကြည့်ရှု စစ်ဆေးကြသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း စိမ်းလန်းစိုပြည်သာယာစေရန်နှင့် ပြည်သူများ သစ်တော သစ်ပင် ချစ်ခင် စိတ်ဖြင့် တန်ဖိုးထားထိန်းသိမ်းတတ်စေရန် ယခုနှစ် မိုးရာသီတွင် သစ်ပင်မျိုးစုံ (၂)သိန်းခွဲ၊ စက္ကူပန်းပင် (၁၂၀၀၀) စိုက်ပျိုးသွားမည်ဖြစ်ကာ ပြည်သူလူထုများအနေဖြင့် သစ်ပင်များစိုက်ပျိုးလိုပါက မြို့နယ်သစ်တောဦးစီးဌာနများတွင် ပျိုးပင်များ အခမဲ့လာရောက် ထုတ်ယူ စိုက်ပျိုးနိုင်ကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )