မိတ္ထီလာ မေ ၂၉
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် သဖန်းပင်ရိုးကျေးရွာ၌ ဒဿမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေထုတ်ချေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ပြုလုပ်ခဲ့ ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရသည်။
ရှေးဦးစွာ မိတ္ထီလာမြို့နယ် မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများ၊ ချေးငွေထုတ်ချေးမည့်အခြေအနေများကို ရှင်းလင်းပြောကြားပြီး သဖန်းပင်ရိုးကျေးရွာ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ထံသို့ စိမံကိန်းရန်ပုံငွေကျပ် ၄၆ ဒသမ ၅ သန်းကို လွှဲပြောင်းပေးအပ်ခဲ့သည်။ထို့နောက် သဖန်းပင်ရိုးကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၆ ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၁၈ ဦးတို့အား ချေးငွေများကို စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရန်နှင့်တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာအတွက် အမှန်တကယ်လိုအပ်သော အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်နှင့် ကျေးလက်နေလူထု၏ စွမ်းဆောင်ရည်များ မြင့်မားလာစေရန် မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မိတ္ထီလာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းထံမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)