တွံတေး မေ ၂၈
နိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်း၊ ကိုယ်ပိုင်အလယ်တန်းကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအား ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် တစ်ပြိုင်နက်တည်း ကျောင်းအပ်နှံခြင်းကို ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်း ကိုယ်ပိုင်အလယ်တန်းကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသို့ ယမန်နေ့နံနက် ၉နာရီအချိန်အထိ မြို့နယ်အတွင်းရှိ စာသင်ကျောင်းအသီးသီး၌ ဆက်လက်ကျောင်းအပ်နှံခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများကျောင်းအပ်နှံခြင်းကို တွံတေးမြို့နယ်အတွင်းရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ ကျောင်းပေါင်း(၂၁၅)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း(၄)ကျောင်း၊ ကိုယ်ပိုင်အလယ်တန်းကျောင်း(၁)ကျောင်း စုစုပေါင်း (၂၂၁)ကျောင်းရှိကြောင်း သိရသည်။ တွံတေးမြို့နယ်တွင် မေလ (၂၂)ရက်နေ့မှ (၂၇)ရက်နေ့အထိ မူလတန်းအဆင့် (၂၅၄၆၂)ဦး၊ အလယ်တန်းအဆင့်(၈၁၇၂)ဦး၊ အထက်တန်းအဆင့်တွင် (၂၉၀၅)ဦး စုစုပေါင်း ကျောင်းအပ်နှံပြီးသူ ကျောင်းသား/သူ (၃၆၅၃၉)ဦးရှိကြောင်း သိရသည်။
ကျောင်းအပ်နှံရာတွင်လည်း ငွေကြေးတစ်စုံတစ်ရာ ကောက်ခံခြင်းမရှိဘဲ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ ကျောင်းဝတ်စုံများကို နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးကြောင်း သိရှိရသည်။
မျိုးလှိုင် (တွံတေး)