ကွမ်းခြံကုန်း မေ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အထက (၂) ဇာတိမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးရဲတင့်က အဖွင့်အမှာစကားပြောကြားပြီး၊ ကွမ်းခြံကုန်းမြို့နယ် မြို့နယ်ပညာရေးမှူး ဒေါ်အေးသန္တာစိုးက အမှာစကားပြောကြားရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းတက်ရောက်ရေးနှင့် အနည်းဆုံး KG+9 ပြီးဆုံးသည့်အထိ ပညာသင်နိုင်ရေးအတွက် မျှော်မှန်ချက်ထားကာ ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းသို့ရောက်ရှိပြီး ကျောင်းအပ်နှံရေးနိုင်ရေးအတွက် နိုင်ငံတော်အစိုးရမှ ကျောင်းသုံးပုံနှိပ်များ၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ မူလတန်းကလေးများတွင် ကျောင်းဝတ်စုံတို့ကို ထောက်ပံ့ပေးကြောင်း၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် ဆောင်ပုဒ်ဖြစ်သော ကျောင်းနေအရွယ်အားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး ပညာရေးဌာနနဲ့အတူ အားလုံးက ဝိုင်ဝန်းဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ကျောင်းသား ကျောင်းသူများအား နိုင်ငံတော်မှ (အခမဲ့) ဖြန့်ဝေသော ပုံနှိပ်၊ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်များနှင့် ကျောင်းဝတ်စုံများအား တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြသည်။ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးရဲတင့်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဦး၊ မြို့နယ်ပညာရေးမှူး ဒေါ်အေးသန္တာစိုးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကွမ်းခြံကုန်းမြို့နယ်မှ အငြိမ်းစားပညာရေးမှူးများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆွေနွယ် (ပြန်/ဆက်)