ခရမ်း မေလ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာရေးဆရာဒေါက်တာသိန်းလွင်၏ "စိတ်၏ဖိစီးမှုကိုလျှော့ချနည်းများ " စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို မေလ ၂၆ ရက်နေ့ ညနေ(၃) နာရီက ကျင်းပခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းနွေးပြီး၊Book Club အဖွဲ့ဝင်ဦးအောင်ဟန်က စာရေးဆရာဒေါက်တာသိန်းလွင်၏ "စိတ်ဖိစီးမှုကိုလျှော့ချနည်းများ" စာအုပ်တွင် မိမိ၏ဘ၀တွင်ကိုယ်၊စိတ် ကျန်းမာချမ်းသာမှုအတွက် အနှောင့်အယှက်ဖြစ်စေသော နှောင့်ယှက်ဟန့်တားမှုမှန်သမျှသည် စိတ်ဖိစီးမှုများပင်ဖြစ်ကြောင်း၊ မိမိတို့၏ရုပ်ပိုင်းဆိုင်ရာက စွမ်းဆောင်နိုင်သော အတိုင်းအတာထက် လွန်ကဲစွာဆောင်ရွက်ရသောအခါများတွင် စိတ်ဖိစီးမှုများပြားလာတတ်ပြီး စိတ်ဖိစီးမှုအန္တရာယ်သည် မိမိတစ်ဦးအတွက်သာမကဘဲ မိသားစုအတွက်ပါအန္တရာယ်ဖြစ်စေနိုင်သောကြောင့် တတ်နိုင်သလောက် စိတ်ဖိစီးမှုမဖြစ်စေရန် ဆင်ခြင်နေထိုင်သင့်ကြောင်းနှင့် စိတ်ဖိစီးမှုကို ပိုမိုဖြစ်စေတတ်သော စိတ်တိုခြင်း၊ ဒေါသထွက်ခြင်းများကို လျှော့ချသင့်ကြောင်း၊ ဘ၀အရည်အသွေးတိုးတက်အောင် လုပ်ဆောင်သင့်ကြောင်း ရေးသားထားသောစာအုပ်ဖြစ်ပါကြောင်းနှင့် စာအုပ်ပါအကြောင်းအရာများကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ Book Club အဖွဲ့ဝင် ဦးကျော်လင်းက ဘ၀တွင်စိတ်ဖိစီးမှုလွန်ကဲမှုများကြောင့် မိမိကိုယ်ကိုထိန်းသိမ်းရာတွင်လည်းကောင်း၊ ထိုက်သင့်အားလျော်စွာ လုပ်ဆောင်နိုင်စွမ်းရည်တွင်လည်းကောင်း ကျဆင်းလာတတ်ကြောင်း၊ ထိုကဲ့သို့စိတ်ဖိစီးမှုများကို တွန်းလှန်နိုင်ဖို့အတွက် ပထမအဆင့်အနေဖြင့် ဖိစီးမှုများရှိနေသည်ကိုအသိအမှတ်ပြုဖို့ လိုအပ်ကြောင်း၊ စိတ်ဖိစီးမှုလျှော့ချရန်အတွက် မိမိအတွက်အသင့်တော်ဆုံးနှင့် မိမိအတွေ့အကြုံနှင့်အနီးစပ်ဆုံးသောအဖြေကိုရွေးချယ်သင့်ကြောင်း တို့ကိုရေးသားထားသော စာအုပ်ဖြစ်ပါကြောင်းနှင့် စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ခရမ်း (ပြန်/ဆက်)