တံတား မေ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများတိုးပွားစေရန်ရည်ရွယ်၍ ရာသီတုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉) နာရီအချိန်ကပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်မိုးဖြူလွင်က ရာသီတုပ်ကွေးရောဂါသည် တုပ်ကွေးရောဂါဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားပြီး အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်နိုင်သောရောဂါတစ်မျိုးဖြစ်ကြောင်း၊ တုပ်ကွေးရောဂါစတင်ဖြစ်ပွားလာလျှင် ဖျားခြင်း၊ နှာချေခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ အစားအသောက်များပျက်ခြင်းတို့ ဖြစ်တတ်ပြီး ရာသီတုပ်ကွေးရောဂါကူးစက်ခြင်းမှ ကာကွယ်နိုင်ရန် နှာချေတိုင်း၊ ချောင်းဆိုး တိုင်းပါးစပ်နဲ့နှာခေါင်းကို လုံအောင်အုပ်ထားသင့်ကြောင်း၊ နှာချေပြီးတိုင်း၊ ချောင်းဆိုးပြီးတိုင်း အချိန်နှင့် ရောဂါလက္ခဏာရှိသူများနှင့်ထိတွေ့ကိုင်တွယ်ပြီးချိန်တိုင်း လက်ကိုရေနှင့်ဆပ်ပြာ အသုံးပြု၍ စက္ကန့်(၂၀) ကြာအောင်စနစ်တကျဆေးခြင်း (သို့မဟုတ်)အယ်ကိုဟောလ် အနည်းဆုံး (၆၀%)ပါသော လက်သန့်ဆေးရည်ကိုအသုံးပြုခြင်း၊ အိမ်အပြင်ထွက်ပါက ပါးစပ်နဲ့နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်ခြင်း၊ လက်ကိုစနစ်တကျဆေးခြင်း၊ အခြားသူများနှင့် ၆ ပေအကွာခပ်ခွာခွာနေထိုင်ခြင်း၊ လူစုလူဝေးရှောင်ကြဉ်ခြင်း၊ အလုံပိတ်ခန်းများ၊ လေဝင်လေထွက်မကောင်းသည့်အခန်းများတွင် နေထိုင်ခြင်းမှရှောင်ကြဉ်ခြင်း၊ စသည့် နည်းလမ်းများဖြင့်လည်း ရာသီတုပ်ကွေးရောဂါကို ထိရောက်စွာကာကွယ်နိုင်ကြောင်း၊ လုံလောက်စွာအနားယူပြီး အာဟာရပြည့်ဝသည့် အစားအစာများစားသုံးခြင်း၊ အိပ်ရေးဝအောင်အိပ်ခြင်းဖြင့်လည်း ရာသီတုပ်ကွေးရောဂါမှကာကွယ်နိုင်ကြောင်း၊ ရာသီတုပ်ကွေးရောဂါကိုပြင်းထန်စွာခံစားနိုင်ရသည့်ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ နားတာရှည်ရောဂါရှိသူများနှင့် ရောဂါကူးစက်ခံရ နိုင်ခြေများပြားသည့် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ရာသီတုပ်ကွေးရောဂါကာကွယ်ဆေး ထိုးနှံမှုကိုနှစ်စဉ်ခံယူသင့်ကြောင်း ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှသုတ၊ရသ စာအုပ်စာစောင်များနှင့် သိပညာပေးနံရံကပ်စာစောင်များကို ခင်းကျင်းပြသခဲ့ရာ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ခန့်စည်သူဝင်း(ပြန်/ဆက်)