ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

ကျောက်ပန်းတောင်း မေ ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို၊ မေလ (၂၈) ရက်နေ့ နံနက် (၉) နာရီက စံပြရပ်ကွက်ရှိ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း ပညာဂုဏ်ရောင် ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက စာသင်ကျောင်းက “ခေါင်းလောင်းသံ” သီချင်းကို သံပြိုင်သီဆို ဖွင့်လှစ်ပေးကြပြီး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နှင်းနှင်းဝေတို့က အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူလေးများအတွက် နိုင်ငံတော်မှ အခမဲ့ ထောက်ပံ့သည့် စာအုပ်၊ စာရေးကရိယာများနှင့် ကျောင်းဝတ်စုံများကို သက်ဆိုင်ရာကျောင်းအုပ်ကြီးများထံ ပေးအပ်သည်။ ယင်းနောက် လေးရွာအခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက တို့ကျောင်းတော် သီချင်းကို သံပြိုင် သီဆိုကြပြီး အခမ်းအနားကို ပြီးမြောက်ခဲ့သည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလ တန်း ကျောင်းပေါင်း (၂၈၃) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၆) ကျောင်း၊ ပုဂ္ဂလိက ကိုယ်ပိုင် ကျောင်း (၁၄) ကျောင်း စုစုပေါင်း (၃၀၃) ကျောင်း ဖွင့်လှစ်ခဲ့၍ ကျောင်းသား/ ကျောင်းသူ (၄၈၀၀၅) ဦး တက်ရောက် ပညာသင်ကြားခဲ့ကြောင်းနှင့် ယခုပညာသင်နှစ်တွင်လည်း တန်းစဉ်အလိုက် တက်ရောက်ရမည့် ကျောင်း သား၊ ကျောင်းသူများ ကျောင်းသို့ရောက်ရှိရေးကို ဝိုင်းဝန်းဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရပြီး၊ ကျောင်းအပ်နှံရေးနေ့အခမ်းအနားသို့ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ မိဘများ စုစုပေါင်း (၁၃၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)