မဟာအောင်မြေ မေ ၂၈
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေ အနောက်ရပ်ကွက်၊ အကွက် (၅၂၃)၊ ၈၄ လမ်း၊ ၃၉ x ၄၀ လမ်းကြားတွင် ယနေ့နံနက် ၁၀ နာရီခွဲအချိန်ခန့်ကRC ၄ ထပ်တိုက် ပြိုကျမှု ဖြစ်ပွားကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စည်သူကျော်၊ အမှတ်(၇)နယ်မြေရဲစခန်းမှူး ရဲအုပ် လွန်းအောင်ဆန်း ဦးစီး ၆ ဦး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးညွန့်ဝင်းအောင် ဦးစီးသည့် သန္ဓေ ၁၅ ဦး၊ အရံ ၂၀ ဦး၊ မီးသတ်ယာဉ် ၂ စီး၊ မဟာအောင်မြေ အနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်တို့သည် ပြိုကျမှုဖြစ်ပွားသည့်နေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ ၂၈.၃.၂၀၂၅ ရက်နေ့က လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးထားသဖြင့် လူနေထိုင်ခြင်းမရှိသော RC ၄ ထပ် အဆောက်အဦသည် ယနေ့နံနက် ၁၀း၂၉ နာရီခန့်က ငလျင်အနည်းလှုပ်ခတ်ခဲ့၍ ပြိုကျသွားခဲ့ကြောင်းနှင့် လူထိခိုက်မှု /လမ်းပိတ်ဆို့မှုမရှိကြောင်း သိရသည်။
အဆိုပါအဆောက်အဦမှာ RC ၄ ထပ်အဆောက်အဦဖြစ်ပြီး မြေကွက်အကျယ်ပေ ၄၀x ပေ ၆၀ ပေါ်တွင် ၁၅ ပေx ၆၀ ပေ အကျယ်ရှိ အခန်း ၈ ခန်းဖြင့် တည်ဆောက်ထားကာ ချမ်းအေးသာစံမြို့နယ်၊ မဟာပိန္နဲဘုရားကျောင်းပိုင် အဆောက်အဦဖြစ်ကြောင်းနှင့် လွန်ခဲ့သော နှစ် ၂၀ ကျော်ခန့်က ဆောက်လုပ်ထားခြင်းဖြစ်ကြောင်းနှင့်ယင်းအဆောက်အဦမှာ ၂၈.၃.၂၀၂၅ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးမြေငလျင်ဒဏ်ကြောင့် ယိုင်နဲ့အက်ကွဲခဲ့သဖြင့် လူနေထိုင်ခြင်းမရှိဘဲ ယနေ့နံနက် ၁၀း၂၉ နာရီခန့်က အင်အားအသင့်အတင့်ရှိ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ယခုကဲ့သို့ ရုတ်တရတ်ပြိုကျခဲ့ခြင်းဖြစ်ပြီး လူ/ တိရိစ္ဆာန်/ ယာဉ် ထိခိုက်မှုမရှိကြောင်း သိရသည်။
အောင်ဇော်မင်း