မြိတ် မေ ၂၈
လယ်ယာစိုက်ပျိုးလုပ်ကိုင်လျက်ရှိသည့် တောင်သူများအား အရင်းအနှီးများ ရရှိစေရေးအတွက် နိုင်ငံတော်မှ စိုက်ပျိုးစရိတ်ချေးငွေများကို နှစ်စဉ် ထုတ်ချေးပေးလျက်ရှိရာ ယခုနှစ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (မြိတ်ခရိုင်ဘဏ်ခွဲ)မှ မြို့နယ်များရှိ မိုးစပါးစိုက်ပျိုးကြမည့် တောင်သူ (၃၄၀၀) ကျော်အား စိုက်ပျိုးစရိတ် ချေးငွေ ကျပ်သိန်းပေါင်း သုံးသောင်းကျော်ကို ထုတ်ချေးပေးသွားမည်ဖြစ်ကာ ယနေ့နံနက်ပိုင်းမှ စတင်၍ မြိတ်ခရိုင်ဘဏ်ခွဲတွင် တောင်သူများအား စတင်ထုတ်ချေးပေးသည်။
မြိတ်ခရိုင်ဘဏ်ခွဲမှ မြိတ်၊ ကျွန်းစု၊ ဘုတ်ပြင်းမြို့နယ်များရှိ ယခုနှစ် မိုးစပါးစိုက်တောင်သူ (၃၄၅၄)ဦးကို လယ်ဧက(၂၀၆၄၀)ဧကအတွက် (၃၀၉၆၀)သိန်း ထုတ်ချေးပေးရန် လျာထားပြီး တောင်သူများအား စိုက်ပျိုးစရိတ် ချေးငွေများကို စတင်ထုတ်ချေးပေးလျက်ရှိသည်။ ထို့သို့ ထုတ်ချေးပေးရာတွင် တောင်သူတစ်ဦးလျှင် လယ်တစ် ဧကတွင် ကျပ်တစ်သိန်းခွဲ ထုတ်ချေးပေး၍ အများဆုံး လယ်(၁၀)ဧကအထိ အတိုးနှုန်းကို တစ်နှစ်လျှင် (၅) ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးခြင်းဖြစ်သည်။
စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးရာ၌ မြိတ်ခရိုင်ဘဏ်ခွဲမန်နေဂျာ ဦးအေးကျော်က တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးသည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းကြားကြပြီး အလယ်ချောင်းကျေးရွာအုပ်စုနှင့် ပပြင်ကျေးရွာအုပ်စုရှိတောင်သူ(၃၀)ဦးအား လယ်(၂၂၇)ဧကအတွက် စိုက်ပျိုးစရိတ် ချေးငွေ (၃၄၀.၅၀) သိန်းကို စတင်ထုတ်ချေးပေးသည်။
မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို မြိတ်မြို့နယ်တွင် တောင်သူ(၂၅၂၇)ဦး၊ ကျွန်းစုမြို့နယ်တွင် (၈၉၈)ဦး၊ ဘုတ်ပြင်းမြို့နယ်တွင်(၂၉)ဦးကို မြို့နယ်များအလိုက် သတ်မှတ်ရက်များအတိုင်း မြိတ်ခရိုင်ဘဏ်ခွဲမှ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)