ပုဗ္ဗသီရိ မေ ၂၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ် (၃)၊ အခြေခံပညာအထက်တန်းကျောင်းရှိ မြတ်ရတနာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက "ကျောင်းအပ်ကြစို့ " သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ဇေယျာသီရိခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဒေါ်နွယ်နီခိုင်က အမှာစကားပြောကြားပြီး ဇေယျာသီရိခရိုင်ပညာရေးမှူး ဦးသူရခင်စိုးက ကျောင်းအပ်နှံရေးဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍လိုအပ်သည်များအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတော်မှ (အခမဲ့) ဖြန့်ဝေသော ပုံနှိပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်များနှင့် ကျောင်းဝတ်စုံများအား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ပညာရေးမှူးနှင့် မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေးတို့က ပေးအပ်ရာ အခြေခံပညာကျောင်းများကိုယ်စား ကျောင်းအုပ်ကြီးများက လက်ခံရယူခဲ့ပြီး အမှတ် (၃) ၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက "ဇာတိမာန် "သီချင်း သီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ပုဗ္ဗသီရိမြို့နယ်အနေဖြင့် အခြေခံပညာအထက်တန်းကျောင်း ခုနစ်ကျောင်း၊ အထက်တန်းကျောင်း (ခွဲ) ငါးကျောင်း၊ အလယ်တန်းကျောင်း သုံးကျောင်း၊ အလယ်တန်းကျောင်း (ခွဲ) တစ်ကျောင်း၊ မူလတန်းလွန်ကျောင်း ၁၄ ကျောင်း၊ မူလတန်းကျောင်း ၂၉ ကျောင်း၊ စုစုပေါင်း အခြေခံပညာကျောင်းပေါင်း ၅၉ ကျောင်းအပြင် ဘုန်းတော်ကြီးသင်ကျောင်း ငါးကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ၁၃ ကျောင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက်ရောက်သင်ကြားမည့် ကျောင်းသား၊ ကျောင်းသူဦးရေ စုစုပေါင်း ၂၉၀၀၀ ကျော်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အောင်ကို (ပုဗ္ဗသီရိ)