ထားဝယ် မေ ၂၈
“ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာ သင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသည့် ဆောင်ပုဒ်နှင့် အညီ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တနင်္သာရီတိုင်းဒေသကြီး “ကျောင်းအပ်နှံရေးနေ့” အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ထားဝယ်မြို့၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပရာ ရှေးဦးစွာ ကျောင်းသား ကျောင်းသူများက “ကျောင်းအပ်နှံရေးနေ့သီချင်း” ဖြင့် သီဆိုကပြဖျော်ဖြေသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေရေးနှင့်မူလတန်းဆင့် ကျောင်းနေနှုန်း တိုးတက်မြင့်မားရေးအတွက် ၁၉၉၉-၂၀၀၀ ပညာသင်နှစ်မှ စတင်ကာ နှစ်စဉ် မေလနောက်ဆုံးရက်သတ္တပတ်ကို ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ပြီး နိုင်ငံအဝန်း ကျောင်းအပ်နှံရေးအခမ်းအနားကို ကျင်းပလာခဲ့သည်မှာ ယခုနှစ် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်တွင် (၂၇) နှစ်ရှိပြီးဖြစ် ကြောင်း၊ နိုင်ငံတော်အနေဖြင့် ၂၀၁၂-၂၀၁၃ပညာသင်နှစ်မှစ၍ “မ”သုံးလုံးပညာရေးစနစ်ခေါ်သည့် မသင်မနေရ မူလတန်းပညာရေးစနစ်ကို အစပျိုးခဲ့ပြီး ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှာ အခမဲ့မသင်မနေရအလယ်တန်းပညာရေး၊၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှာ အခမဲ့မသင်မနေရ အထက်တန်းပညာရေးတို့ကို အကောင်အထည်ဖော်ခဲ့ကာ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် ကျောင်းဝတ်စုံများ အခမဲ့ထောက်ပံ့နေပြီး အမှန်တကယ်ကျောင်း နေရန်အခက်အခဲရှိသောချို့တဲ့နွမ်းပါးသူများကို ပညာသင်ထောက်ပံ့ကြေး ပံ့ပိုးပေးလျက်ရှိကြောင်း၊ ကျောင်းနေအရွယ် ကလေးတိုင်း(KG+9) (အခြေခံပညာအလယ်တန်းအဆင့်) ပြီးဆုံးသည်အထိ ပညာသင်ကြားနိုင်ရေး ရည်မှန်းချက်ထား ကြိုးပမ်းဆောင်ရွက်နေပြီး (KG+9) အဆင့် ပြီးဆုံးသည့်အခါ အသက်မွေးဝမ်းကျောင်းပညာ သင်ကြားပေးသည့် ကျောင်းများကို ဆက်လက်တက်ရောက်နိုင်အောင် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊မွေးမြူရေးအထက် တန်းကျောင်းများကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အ.ထ.က (၄) ထားဝယ်နှင့်အ.ထ.က(သမုတ်) မြိတ်တို့တွင် လည်းကောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၌ အ.ထ.က (၂) ကော့သောင်းတွင် ဖွင့်လှစ် သင်ကြားလျက်ရှိကြောင်း၊ ယခု ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်တွင် အ.ထ.က(အောက်လိပ်) ဘုတ်ပြင်းတွင် ထပ်မံဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ကျောင်းနေအရွယ် ကလေးတိုင်းကို စာတတ်ရုံမျှသာမက မိမိနိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးသည့်စိတ်၊ မိမိနိုင်ငံ၏ယဉ်ကျေးမှုကို တန်ဖိုးထားထိန်းသိမ်းစိတ်များ ဖြစ်ထွန်းရေးအတွက် လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိကြောင်း၊ လေ့ကျင့်ပျိုးထောင်ရာတွင် အခြေခံပညာသည် ပညာအခြေခံဖြစ်သည်နှင့်အညီ “ဗလငါးတန်”ဖြင့် ပြည့်စုံသော နိုင်ငံ့သားကောင်းရတနာများ ဖြစ်လာစေရန် အခြေခံပညာမူလတန်းဆင့်၊ အလယ်တန်းဆင့်၊ အထက်တန်းဆင့်တို့တွင် အဆင့်အလိုက် ကျောင်းသား၊ ကျောင်းသူများ၏ “စိတ်အားထက်သန်မှုအလျောက် တစ်ဦးချင်းစီ၏ ခံယူနိုင်မှု၊ စွမ်းဆောင်မှုအလိုက် ကြိုးကုတ်အားထုတ် သင်ယူနိုင်ရန်အတွက် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့၏ရင်သွေးငယ်များ၊ မိမိပတ်ဝန်းကျင်ရှိကလေးများ ပညာသင်ယူမှု အခွင့်အရေးမဆုံးရှုံးစေရန် ပညာရေးမဝေးစေရန် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အချိန်မီကျောင်းအပ်နှံကြရန် တာဝန်ရှိသူများအားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူး ဦးဝင်းနောင်က ကျောင်းအပ်နှံရေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က ပညာရေးဝန်ကြီးဌာနက ထောက်ပံ့သည့် မူလတန်း၊ အလယ်တန်းနှင့်အထက်တန်းအဆင့်အတွက် ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့် ဗလာစာအုပ်များ၊ မူလတန်းအဆင့်အတွက် ကျောင်းဝတ်စုံများ ပေးအပ်သည်။
ဆက်လက်၍ ဆရာ၊ ဆရာမများက “ကျောင်းအပ်ကြမယ်” သီချင်းဖြင့်လည်းကောင်း၊ ကျောင်းသား၊ ကျောင်းသူများက “ပညာရေးဖြင့်ခေတ်မီဖွံဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့” သီချင်းဖြင့်လည်းကောင်း သီဆိုဂုဏ်ပြုကြကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)