မိုးညှင်း မေ ၂၈
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၅ ခုနှစ် မိုးရာသီအတွက် စိုက်ပျိုးကြမည့် ပျိုးပင်ပေါင်း (၁၈၁၀၀)ပင်ကို မြို့မသစ်တောပျိုးဥယျာဉ်ခြံတွင် ပျိုးထောင်ထားလျက် ရှိကြောင်း သိရသည်။
အဆိုပါ စိုက်ပျိုးထားရာတွင် ဒေသပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်၊ သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံ မျိုးကွဲများကို ချစ်မြတ်နိုးတတ်စေရန်၊ သစ်တောပြုန်းတီးခြင်းမှ ကာကွယ်စေရန်၊ လေကောင်း လေသန့်များရရှိစေရန်နှင့် ထင်းသုံးစွဲမှုဖူလုံစေရန်ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနမှ ဒေသရေမြေနှင့်ကိုက်ညီမှုရှိသည့် ပျိုးပင်မျိုးစုံကို ပျိုးထောင်ထားရှိပြီး နှစ်စဉ် မိုးရာသီကာလတွင် ဖြန့်ဝေ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
မိုးညှင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် မိုးရာသီကာလအတွင်း လူထုဖြန့်ဝေစိုက်ပျိုးနိုင်ရန်အတွက် ဒေသရာသီဥတုနှင့်ကိုက်ညီသော ကျွန်း၊ ပျဉ်းကတိုး၊ သစ်အယ်၊ မန်ဂျန်ရှား၊ မျောက်ငို၊ ငါးပေါက်၊ မဟော်ဂနီ၊ ခရေ၊ ယမနေ၊ တောင်တမာ၊ ပျဉ်းမ၊ ပိတောက်၊ ကံ့ကော်နှင့် မယ်ဇလီ စသည့် ပျိုးပင် (၁၇၀၀၀)နှင့် အထူးပျိုးပင် (၁၁၀၀)ပင် စုစုပေါင်းပျိုးပင် (၁၈၁၀၀)ကို ပျိုးထောင်ထားရှိကြောင်း သိရ သည်။
မိုးညှင်းမြို့နယ်သစ်တောဦးစီးဌာနမှ ယခုနှစ် မိုးရာသီတွင် မြို့နယ်အတွင်း ကျေးရွာထင်းစိုက်ခင်း နှစ်ဧကကို (သစ်တောမြေ) တွင်လည်းကောင်း၊ ကျေးရွာထင်းစိုက်ခင်းတစ်ရွာရှိ (သစ်တောမြေပြင်ပ) တွင် နှစ်ဧကကိုလည်းကောင်း စုစုပေါင်း လေးဧက စိုက်ပျိုးထားရှိကြောင်း သိရသည်။
ရွှေမိုးညှင်း