နမ့်စန်(တ) မေ ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်)တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၊ အရှေ့ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ် ဌာနချုပ်ကွပ်ကဲရေးမှူး ဗိုလ်ချုပ်စိုးအောင်၊ နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ် လင်းကို၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းဌေးနှင့် ခရိုင်ပညာရေးမှူး ဦးကျော်နိုင်သွင်တို့က မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ကျောင်းအဝင်မုဒ်ဦးရှေ့တွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အ.ထ.က(နမ့်စန်)ကျောင်းအတွင်း ကျောင်းသား၊ ကျောင်းသူများ ကျောင်းလာရောက်အပ်နှံမှုအခြေအနေများကို လိုက်လံကြည့်ရှု အားပေးခဲ့သည်။
ထို့နောက် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို သရဖီခန်းမအတွင်းတွင် ဆက်လက်ကျင်းပခဲ့ရာ အ.ထ.က(နမ့်စန်)မှ ကျောင်းသား၊ ကျောင်းသူများက “ကျောင်းအပ်နှံရေးနေ့”သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး တိုင်းမှူးဗိုလ်ချုပ်မျိုးမင်းထွန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းက ကျောင်းသား၊ ကျောင်းသူများအတွက် နိုင်ငံတော်က အခမဲ့ ထောက်ပံ့ပေးသော ကျောင်းသုံးပြဌာန်းစာအုပ်များကို ပေးအပ်ခဲ့ရာ အ.ထ.က(နမ့်စန်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မွန်မွန်မြင့်က လက်ခံရယူခဲ့သည်။
ဆက်လက်၍ အရှေ့ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ် ဌာနချုပ်ကွပ်ကဲရေးမှူး ဗိုလ်ချုပ် စိုးအောင်နှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအတွက် နိုင်ငံတော်က အခမဲ့ထောက်ပံ့ပေးသော ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်ကျောင်းဝတ်စုံများနှင့် ကျောပိုးအိတ်များကို အသီးသီး ပေးအပ်ခဲ့ရာ ကျောင်းအုပ်ကြီးများက လက်ခံရယူခဲ့ကြသည်။
ထို့နောက် အ.ထ.က(နမ့်စန်)မှ ကျောင်းသား၊ ကျောင်းသူများက “ကျောင်းကောင်စီ”သီချင်း သီဆို၍ အခမ်းအနားကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)