ရေဖြူ မေ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ယခုနှစ် ရာသီပေါ်တညင်းသီး ယခင်နှစ်ဈေးကို မမှီသော်လည်းဈေးကောင်းရရှိကြောင်း သိရသည်။ ရေဖြူဒေသထွက် တညင်းသီးကို ဒေသခံများစားသုံးမှုအပြင် ရန်ကုန်မှတဆင့် မြန်မာပြည်အနှံ့အပြားသို့ တင်ပို့ရောင်းချကြောင်းသိရသည်။
“မနှစ်က တညင်းသီးတစ်ပုံးကို ၂၂၀၀၀ ကျပ်ရရှိတယ်။ ဈေးအလွန်ကောင်းတယ်။ ဒီနှစ် တညင်းသီးတစ်ပုံးကို ၁၈၀၀၀ ကျပ်ဈေးရရှိတော့ ယခင်နှစ်ဈေးကို မမှီပေမယ့် ဈေးကောင်းကြောင်း” ဟု တညင်းသီးလာရောင်းသူတစ်ဦးက ပြောပြသည်။
“ဒီနှစ် အထွက်နည်းတာလည်းပါမယ်။ တညင်းသီးက လိုသလောက်မရဘူးဗျ။ အဲဒါကြောင့် တောထဲ တညင်းသီးရှာသူတွေဈေး ကောင်းပေးပြီးဝယ်ရတယ်” ဟု ကျောက်ကညာကျေးရွာ တညင်းသီးအဝယ်ဒိုင်ပိုင်ရှင်က ပြောပြသည်။ ရေဖြူတွင် တညင်းသီးကို ဥယျာဉ်ခြံများတွင် စိုက်ပျိုးထားသော အပင်များကလည်းကောင်း၊ တောတောင်ထဲ ပေါက်နေသော တညင်းပင်များတွင် ရှာဖွေခူးဆွတ်ပြီး ရောင်းချကြသည်။
ဧပြီ၊ မေ၊ ဇွန်လအထိ အများဆုံးထွက်ရှိပြီး တညင်းသီးကို အစိမ်းစားခြင်း၊ ဆားရည်စိမ်စားခြင်း၊ ပြုတ်ခြင်း ပေါင်းခြင်းဖြင့် ကြိုက်နှစ်သက်သူများက ဟင်းလျာဖြင့်အမျိုးမျိုးပြုလုပ်စားသုံးကြသည်။
ခတ္တာ