ရှမ်းပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ စီစဥ်ထုတ်ဝေသည့် ရှမ်းချယ်ရီမဂ္ဂဇင်း စာအုပ်မိတ်ဆက်ပွဲကျင်းပ

တောင်ကြီး မေ ၂၇ 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘက်စုံသုံးခန်းမ၌ ယနေ့နံနက် ၉ နာရီက ရှမ်းပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ စီစဥ်ထုတ်ဝေသည့် ရှမ်းချယ်ရီ မဂ္ဂဇင်းစာအုပ် မိတ်ဆက်ပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပဖို့  လမ်းညွှန်ချက်အရ ရှမ်းပြည်နယ်တစ်ခုလုံးမှာ (၁၃)ကြိမ် ကျင်းပပြုလုပ်နိုင်ခဲ့ပါကြောင်း၊  ရှမ်းပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းကလည်း ၂၀၁၉ ခုနှစ်ကစပြီး (၃) ကြိမ်ပြု လုပ်နိုင်ခဲ့ကြောင်း ရှမ်းပြည်နယ်၏ ယခုလိုပွဲတော်များ အောင်အောင်မြင်မြင် ကျင်းပနိုင်မှုကို မှတ်တမ်းတစ်ရပ်အဖြစ် ဖော်ပြနိုင်ဖို့ ရှမ်းချယ်ရီ မဂ္ဂဇင်းထုတ်ဝေပြီး ယနေ့မိတ်ဆက်ပွဲအခမ်းအနား ဖြစ်ပါကြောင်း၊ ဒီမဂ္ဂဇင်းမှာ ရှမ်းပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှုတွေအပြင် ပြည်သူကိုအသိပညာပေး နိုင်သည့် သုတရသစာပေတွေလည်း ဖော်ပြထားတာတွေ့ရပါကြောင်း၊ စာပေဟာ ခေတ်အဆက်ဆက် တိုင်းပြည်နဲ့လူမျိုးကို အကျိုးပြုစေခဲ့ပါကြောင်း၊ တိုးတက်ပြောင်းလဲလာသည့် ခေတ်ကာလနဲ့အညီ သတင်းအချက်အလက် နည်းပညာများထွန်းကားလာပြီး နေ့စဉ်နဲ့အမျှ လေ့လာဆည်းပူးသင်ယူရန်လို အပ်မည်ဖြစ်ပါကြောင်း၊ စာပေ၏တန်ဖိုး၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးတွေ သိမြင်နိုင်ဖို့ ခုလိုစာအုပ်တွေလည်း စဉ်ဆက်မပြတ် စီစဉ်ထုတ်ဝေနေရမှာ ဖြစ်ပါကြောင်း၊ စာပေဖတ်ရှုခြင်းမှ ရရှိလာမည့် အသိဉာဏ် ဗဟုသုတတွေကိုလည်း အရင်းအနှီးပြုပြီး ဘဝဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်နေရမှာဖြစ်ပါကြောင်း၊ အခုလို စာအုပ်ထုတ်ဝေနိုင်ခြင်းက ရှမ်းပြည်နယ်၏ မှတ်တမ်းတစ်ရပ်ကျန်ရစ်နိုင်သလို မျိုးဆက်သစ်လူငယ်တွေကိုလည်း လက်ဆင့်ကမ်းပေးနိုင်မည်ဟု ယူဆမိပါကြောင်းပြောကြားသည်။

ထို့နောက် ရှမ်းပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်မေမေနီက “ရှမ်းချယ်ရီ” မဂ္ဂဇင်းထုတ်ဝေခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရှမ်းပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်း နာယက ဒေါက်တာအောင်ကျော်(သွား/ဆရာဝန်)ကစာရေးဆရာများ ကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ဆက်လက်၍ ရှမ်း​ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်နှင့် တာဝန်ရှိသူတို့က  ရှမ်းချယ်ရီမဂ္ဂဇင်းစာအုပ်များကို စာမူရှင်များနှင့် ပညာရှင်များကို  အမှတ်တရ လက်ဆောင်ပေးအပ်ခဲ့သည်။

အဆိုပါ ရှမ်းချယ်ရီမဂ္ဂဇင်း စာအုပ်မိတ်ဆက်ပွဲအခမ်းအနားသို့  ရှမ်း​ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်ဥပဒေချုပ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းအဖွဲ့များ၊ စာပေပညာရှင်များ၊ စာပေချစ်မြတ်နိုးသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်ဇင်(ပြည်နယ်၊ ပြန်/ဆက်)