နေပြည်တော် မေ ၂၇
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ရာဇသင်္ဂဟလမ်းမကြီးသို့ သွားရောက်ပြီး ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများအား ပြန်လည်ပြုပြင်နေမှုနှင့် လမ်းခင်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် လုပ်ငန်းများ အပိုင်းလိုက် အမြန်ပြီးစီးအောင် ဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခံ့မှုရှိအောင် စံချိန်၊ စံညွှန်းနှင့်အညီ ဆောင်ရွက်ရေး၊ ပလက်ဖောင်းများ စနစ်တကျပြုပြင်ရေးနှင့် လမ်းမကြီးဘေး သစ်ပင်များ တိုးချဲ့စိုက်ပျိုးရေးတို့ကို မှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ရာဇဌာနီလမ်းမကြီးသို့ သွားရောက်ပြီး ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လမ်းပိုင်းများအား ပြန်လည်ပြုပြင်နေမှုနှင့် နိုင်လွန်ကတ္တရာလမ်း (AC) ခင်းကျင်းနေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်သော နေပြည်တော်ကောင်စီဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေးသို့ တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်အတွင်း ခရီးသွားလုပ်ငန်းများ၊ ခရီးစဉ်ဒေသများ တိုးတက်ဖော်ဆောင်နိုင်နိုင်ရေး၊ ဒေသအတွင်းရှေးဟောင်းသမိုင်းဝင် အထင်ကရရှိသော ဆွဲဆောင်မှုရှိသော စိတ်ဝင်စားဖွယ်နေရာများ ရွေးချယ်ဆောင်ရွက်ရေး၊ ကျေးလက်ဒေသရိုးရာ ဓလေ့စရိုက်များ၊ ပွဲတော်များ၊ ဒေသထွက်ကုန်များ၊ အထိမ်းအမှတ် ပစ္စည်းများ၊ ဒေသအစား အစာများကို အများပြည်သူသိရှိအောင် သတင်းမီဒီယာများ၊ ကြော်ငြာများ၊ လက်ကမ်းစာစောင်များစသည့် နည်းလမ်းများဖြင့် သိရှိအောင်ဆောင်ရွက်ရေး၊ ဟိုတယ်လုပ်ငန်းများ ဥပဓိရုပ်ကောင်းမွန် ဖွံ့ဖြိုးရေး၊ ဝန်ဆောင်မှုတိုးတက် အောင်ဆောင်ရွက်နိုင်ရေး၊ ဟိုတယ်များတွင် Solar Energy များ ပြောင်းလဲတပ်ဆင်အသုံးပြုနိုင်ရေး၊ ငလျင်ဘေးကြောင့် ထိခိုက်ခဲ့သောဟိုတယ်များ အမြန်ပြန်လည်ပြုပြင်နိုင်ရေး၊ နေပြည်တော်အတွင်း စိမ်းလန်းစိုပြေသာယာလှပစေရေး၊ လုပ်ငန်းကော်မတီဝင်များ မှလည်း မိမိနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရေးတို့ကို ပြောကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဝင်များမှ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ မှာကြားပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ဥတ္တရ)