တပ်ကုန်း မေ ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း နိုင်ငံတော်မှ ငလျင်ဘေးသင့် ပြည်သူများအား ငွေများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သူနှင့်အဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များ၊ ရပ်မိ/ရပ်ဖများ၊ ငလျင်ဘေးသင့် ပြည်သူများ တက်ရောက်ခဲ့ပြီး နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက ငလျင်ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်ခြင်းနှင့် အားပေးစကားပြောကြား၍လည်းကောင်း၊ တောင်သူများ သီးနှံစိုက်ပျိုးရေးတွင် သဘာဝမြေဩဇာအသုံးပြု စိုက်ပျိုးနိုင်ရေး၊ တောင်သူ သီးနှံထွက်ကုန်များ ကုန်ကြမ်းအဆင့်မှ ကုန်ချောအဆင့် ပြောင်းလဲထုတ်လုပ်ရောင်းချနိုင်ရေး၊ အသေးစား၊ အငယ်စား၊ အလတ်စား (MSME) လုပ်ငန်းအောင်မြင်ရေး၊ မြိုနယ်ကုန်စည်ဒိုင်ဖွင့်လှစ်မှုကြောင့် စိုက်ပျိုးရေးတောင်သူများ ရရှိမည့်အကျိုးကျေးဇူးများနှင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နိုင်ရေး ရှင်းလင်းပြောကြားခဲ့ပြီးနောက် နေပြည်တော်ကောင်စီဝင်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်အောင်ဋ္ဌေးတို့က ငလျင်ဘေးသင့်စာရင်းကောက်ယူရေးအဖွဲ့ ခေါင်းဆောင်များထံ ငလျင်ဘေးသင့် ပြိုကျပျက်စီးနေအိမ် (၁၅၇) လုံး၊ တစ်စိတ် တစ်ပိုင်းပျက်စီးနေအိမ် (၂၇၄၅) လုံး၊ စုစုပေါင်းလူဦးရေ ကျား/ မ (၁၃၈၀၉) ဦးအတွက် လူတစ်ဦးလျှင် ထောက်ပံ့ငွေ (၇၀,၀၀၀) ကျပ်နှုန်း၊ စုစုပေါင်းငွေကျပ် (၉၆၆,၆၃၀,၀၀၀) ကျပ် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး ငလျင်ဘေးသင့် ပြည်သူများ၏ ကိုယ်စား ဒေါ်ခင်မာရီက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ရုံးခန်းတွင် မြို့နယ်စိုက်ပျိုးကြီးကြပ်ရေးအဖွဲ့များနှင့် တွေ့ဆုံ၍ မန္တလေးငလျင်ဘေးသင့်မှုကြောင့် နွေစပါးစိုက်ခင်းများ ပျက်စီးမှု၊ အောင်မြင်များနှင့် မိုးသီးနှံစိုက်ဘဏ်ချေးငွေ၊ မိုးစပါးလျာထားဧကများ၊ စိုက်ပျိုးရေ၊ မျိုးကောင်းမျိုးသန့် စိုက်ပျိုးမှု အခြအနေများ ဆွေးနွေးညှိနှိုင်းခဲ့ရာ မြို့နယ်စိုက်ပျိုးကြီးကြပ်ရေးအဖွဲ့များက တင်ပြချက်များကို ပေါင်းစပ်ဖြည့်စွက် မှာကြားခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင်နှင့်တာဝန်ရှိသူများ ကွင်းအမှတ်၊ (၁၄၁၂) ရှောက်ကုန်းကွင်း နွေစပါးစိုက်ပျိုးအောင်မြင်မှု၊ ရန်ကုန်-မန္တလေးကားလမ်းနှင့် ရှောက်ကုန်းကျေးရွာ ဆက်သွယ်ထားသည့် ကတ္တရာလမ်းဘေး ဝဲ/ယာ အရိပ်ရသစ်ပင်များ စိုက်ပျိုးနိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ သက်ဆိုင်ရာ ဌာနများအား ရှင်းလင်းမှာကြားခဲ့ကြောင်း သိရသည်။
တင်စိုးလွင်