တနင်္သာရီ မေ ၂၇
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ပညာရေးမှူးရုံးကကြီးမှူး၍ တနင်္သာရီမြို့နယ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးနေ့အထိမ်းအမှတ် (၆ပေ-၄ပေ) အရွယ် မြေစိုက်ပိုစတာများ စိုက်ထူဖွင့်လှစ်ပွဲနှင့် ကျောင်းအပ်နှံရေးနေ့အခမ်း အနားကို မေလ ၂၇ ရက်နေ့ နံနက် ၉ နာရီ အချိန်မှစ၍ ကျင်းပပြုလုပ်ကြောင်း သိရသည်။
၎င်းကျောင်းအပ်နှံရေးနေ့ မြေစိုက်ပိုစတာစိုက်ထူပွဲကို တနင်္သာရီတံတားထိပ်၊ ချောင်းကြီးရပ်ကွက်-ကျန်းမာရေးလမ်းရှိ အ.ထ.က-တနင်္သာရီကျောင်း အုတ်တံတိုင်းနေရာနှင့် မြို့နယ်ပညာရေးမှူးရုံး အရှေ့မျက်နှာစာတို့တွင် စိုက်ထူပြီး အမှတ် (၂) စစ်နယ်မြေမှူး ဗိုလ်မှူးကြီးမျိုးမင်းသူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ခေါင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာ ရေးမှူး ဒေါ်အေးအေးနှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက အမွှေးနံ့သာများဖြင့် ပက်ဖြန်းပေးပြီး စုပေါင်းမှတ် တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
ဆက်လက်၍ ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အမှတ် (၂) စစ်နယ်မြေမှူး ဗိုလ်မှူးကြီးမျိုးမင်းသူက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင်က ကျောင်းအပ်နှံရေးနေ့ ရည်ရွယ်ချက်ကိုလည်းကောင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးက ကျောင်းနေအရွယ်ကလေးတိုင်း စဉ်ဆက်မပြတ်ပညာသင်ကြားနိုင်ရေးကို ရှင်းလင်းပြောကြားသည်။
ထိုနောက် ၂၀၂၅-၂၀၂၆ပညာသင်နှစ်အတွက် နိုင်ငံတော်က အခမဲ့ပေးအပ်သော ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် ကျောင်းဝတ်စုံများကို အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများကပေးအပ်ပြီး အ.ထ.က(တနင်္သာရီ) ကျောင်းဝင်းအတွင်း ကျောင်းအပ်လက်ခံနေမှုကို လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သီသီခိုင်(တနင်္သာရီ)