တန့်ယန်း မေ ၂၇
ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၏ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
အဆိုပါ ကျောင်းအပ်နှံရေးနေ့အခမ်းအနားအား အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဖွင့်လှစ်၍ ခရိုင်ပညာရေးမှူး၏ကိုယ်စား ဆရာကြီး ဦးအောင်ကျော်ဦးနှင့် မြို့နယ်ပညာရေးမှူးကိုယ်စား အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာလွင်က ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် နယ်မြေခံတပ်နယ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မျိုးမြင့်နှင့် ခရိုင်နှင့် မြို့နယ်တို့မှ တာဝန်ရှိသူတို့က မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၏ ကျောင်းသား၊ ကျောင်းသူများအတွက် နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးအပ်သည့် စာရေးကရိယာနှင့် သင်ထောက်ကူပစ္စည်းများကို ပေးအပ်ရာ ကျောင်းအုပ်ကြီးများက လက်ခံရယူပေးခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)