ရေဖြူ မေ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် (၉း၀၀) နာရီအချိန်က အ-ထ-က၊ ရေဖြူကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အ-ထ-က ရေဖြူကျောင်းမှ ကျောင်းသား/ကျောင်းသူများက "မြန်မာ့ကျောင်းသီချင်း" ဖြင့် သီဆိုဖျော်ဖြေကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်လင်းနိုင်က အဖွင့်အမှာစကား ပြောကြားကာ မြို့နယ်ပညာရေးမှူး ဒေါ်သန္တာပြုံးက ကျောင်းအပ်နှံမှု အခြေအနေကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာရေးဝန်ကြီးဌာနမှ ပေးအပ်သော ကျောင်းသုံး ပုံနှိပ်ပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်၊ ခဲတံနှင့် ကျောင်းဝတ်စုံများအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်လင်းနိုင်နှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ရာ ကျောင်းသား ကျောင်းသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
ထို့နောက် အ-ထ-ကရေဖြူကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက "ဇာတိမာန်သီချင်း" ဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ မိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခတ္တာ