ကျွန်းစု မေ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က ကျွန်းစုမြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို အ-ထ-က ကျွန်းစုကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုကာ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်နုနုလွင်က မြို့နယ်အဆင့် ကျောင်းအပ်နှံမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ပညာသင်ယူလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ပစ္စည်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။
ထို့နောက် အ-ထ-က ကျွန်းစုကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ဘက်စုံပညာကိုရည် တို့လှမ်းချီ” သီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)