ဥတ္တရသီရိမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

နေပြည်တော် မေ ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက အမှတ် (၁၂)၊ အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ကျောင်းအပ်ကြစို့ “ သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြတ်အောင်ဌေးက အမှာစကားပြောကြားပြီး ဥတ္တရခရိုင်ပညာရေးမှူး ဒေါက်တာ မာမာဇင်က ကျောင်းအပ်နှံရေးဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ လိုအပ်သည်များအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတော်မှ (အခမဲ့) ဖြန့်ဝေသော ပုံနှိပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်များနှင့် ကျောင်းဝတ်စုံများအား ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြတ်အောင်ဌေးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းတို့က ပေးအပ်ရာ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးများက လက်ခံရယူခဲ့ပြီး အမှတ် (၁၂)၊ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ဇာတိမာန် “သီချင်း သီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ဥတ္တရသီရိမြို့နယ်အနေဖြင့် အခြေခံပညာကျောင်းပေါင်း (၄၉) ကျောင်းအပြင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၂) ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း လေးကျောင်းရှိပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားမည့် ကျောင်းသား၊ ကျောင်းသူဦးရေ တစ်သောင်းခွဲကျော်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အောင်ကို  (ပုဗ္ဗသီရိ)