သရက်ချောင်း မေ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ရာသီဥတုဒဏ်ကာကွယ်နိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးအတွက် ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးရန် ပျိုးပင် ပေါင်း ၂၈၀၀၀ ကျော်ကို ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးဦးထံမှ သိရသည်။
သရက်ချောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ အပူရှိန်မြင့်မားခြင်း၊ မိုးခေါင်ခြင်း စသည့် သဘာဝဘေးအန္တရာယ်များကို ပြည်သူများအနေဖြင့် သစ်ပင်စိုက်ပျိုးခြင်းဖြင့် ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် နှစ်စဥ်မိုးရာသီ ပျိုးပင်များကိုပျိုးထောင်ထားရှိရာ ယခုနှစ်တွင် ကံ့ကော်၊ ခရေ၊ စိန်ပန်း၊ ပိတောက်၊ ပျဥ်းမ၊ ပျဥ်းကတိုး၊ မဟော်ဂနီ၊ မန်ဂျန်ရှား၊ သစ်ရှို၊ မယ်ဇလီ၊ သင်္ဃန်း စုစုပေါင်းပျိုးပင်ပေါင်း ၂၈၀၀၀ ကျော်ကို ပျိုးထောင်ထားရှိကြောင်း သိရသည်။
အဆိုပါ ပျိုးပင်များကို မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ တပ်ရင်းတပ်ဖွဲ့များ၊ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ဒေသခံပြည်သူများသို့ မေလနောက်ဆုံးအပတ်မှ စတင်၍ ဇူလိုင်လကုန်အထိ ပျိုးပင်ပေါင်း ၂၀၀၀၀ ကျော်အား အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်းနှင့် မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် ပျိုးပင်ပေါင်း ၈၀၀၀ ကျော်ကို အရံစိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း၊ သစ်ပင်စိုက်ပျိုးလိုသူ မည်သူမဆို မြို့နယ်သစ်တောဦးစီးဌာနတွင် လာရောက်ထုတ်ယူစိုက်ပျိုးနိုင်ပါကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)