ကျိုင်းတုံ မေ ၂၇
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်စိုးလှိုင်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက် (၁၀) နာရီခွဲအချိန်က ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မွေးမြူရေးဇုန် (ကျိုင်းတုံ) လျာထားမြေနေရာသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။
ထိုသို့ မွေးမြူရေးဇုန်(ကျိုင်းတုံ) လျာထားမြေနေရာများကို မိုင်းလားကျေးရွာအုပ်စု၊ ပန်ဆံကျရွာအနီး၊ ကတ်ဖကျေးရွာအုပ်စု၊ နောင်ငင်းရွာအနီးသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ကျိုင်းတုံခရိုင် မြေစာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြပြီး မွေးမြူရေးဇုန်တွင် မွေးမြူမည့် တိရစ္ဆာန်အမျိုးအစားအလိုက် မြေဧရိယာနှင့် အခြားလိုအပ်ချက်များကို ကျိုင်းတုံခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျိုင်းတုံမြို့ ရမ်းလောကျေးရွာအုပ်စု ဝမ်ဟတ်ကျေးရွာတွင် မိရိုးဖလာဒေသထွက် အုတ်ကျွတ်အမိုးပြားနှင့် ဆီမီးခွက်ဆောင်ရွက်နေမှု အခြေအနေကို မြေပြင်သို့သွားရောက်ကြည့်ရှုပြီး ပြည်နယ်ဝန်ကြီးချုပ်က စီးပွားဖြစ် အဆင့်မြှင့်တင် ရောင်းချနိုင်ရန်အတွက် လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)