ကော့သောင်းမြို့ အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် Abate ဆေးခပ်ခြင်း၊ ခြင်ဆေးဖြန်းခြင်းများ ဆောင်ရွက်

ကော့သောင်း မေ ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၌ မိုးဦးကျတွင် ဖြစ်ပွားတတ်သည့် သွေးလွန် တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်နိုင်ရေးအဖွဲ့များက ကော့သောင်းမြို့အတွင်းရှိ အခြေခံပညာကျောင်းများ၌ ယမန်နေ့က စတင်၍ သတ်မှတ်ကျောင်းများအလိုက် ခြင်ဆေးဖြန်းခြင်း၊ အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မူလွန်ဘုရင့်နောင်ကျောင်းတွင် ပူး‌‌ပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အခြေခံ ပညာကျောင်းများရှိရေစည်၊ ရေအိုးများအား ခြင်ပေါက်ပွားမှုရှိမရှိစစ်ဆေးခြင်း၊ ခြင်ပေါက်ဖွားနိုင်သည့် ရေစည်၊ ရေအိုး၊ ရေသိုလှောင်ကန်များ အဖုံးဖုံးအုပ်ရန်အသိပညာပေးခြင်း၊ သောက်ရေသုံးရေ ထည့်ထားသည့် ရေစည်၊ ရေအိုးများ၊ ဘုရားပန်းအိုးများအား ခြင်မပေါက်ပွားအောင် လဲလှယ်ပြောင်းထည့်ခြင်း၊ စွန့်ပစ်တာယာဟောင်းများ၊ ဘူးခွံများမှ ရေများအား သွန်ပစ်ခြင်း၊ ရေမလှယ်နိုင်သည့်အုတ်ကန်များကို ရေစစ်ဖြစ်စစ်ထုတ်ခြင်း Abate ဆေးခတ်ခြင်းနှင့် စာသင်ကျောင်းခန်းများနှင့် ကျောင်းဝန်းအတွင်း ခြင်ဆေးဖျန်းခြင်းများ‌စသည့် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများကို ကော့သောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ဆရာ၊ ဆရာမများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)