ကျောက်ဆည် မေ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း အနော်ရထာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အမှတ်( ၃ )အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်သား၊ ကျောင်းသူများက ကျောင်းအပ်နှံကြစို့သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ကျောက်ဆည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်က နိုင်ငံတော်မှကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံရာတွင် မူလတန်း အဆင့် အတွက်ကျောင်းဝတ်စုံ၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ အလယ်တန်းနှင့် အထက်တန်းအဆင့်များ အတွက်ကျောင်းသုံးပုံနှိပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်များအခမဲ့ ထောက်ပံ့ ပေးလျက်ရှိပါကြောင်း “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူနိုင်ဖို့ ကျောင်းအပ်နှံကြပါစို့ ’’ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံရေး အလေးထားဆောင်ရွက်ကြရန်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ကျောက်ဆည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်၊ အဖွဲ့ဝင်(၂) ဦးအောင်သူ၊ အဖွဲ့ဝင်(၃)ဦးစိုးပိုင်တို့က ကျောက်ဆည်မြို့နယ်၊ စဉ့်ကိုင်မြို့နယ်၊ မြစ်သားမြို့နယ် ပညာရေးမှူများအား နိုင်ငံတော်မှအခမဲ့ဖြန့်ဝေသည့် ကျောင်းသုံးဗလာစာအုပ်များပေးအပ်ခဲ့ပြီး အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ကျောင်းသူလေးများက နှလုံးသားကိုအလှဆင်ပါသီချင်းဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
တင်တင်ထွေး