ကော့သောင်းမြို့သို့ ပြန်လည်ဝင်ရောက်လာသည့်နေရပ်ပြန်များအား နေရပ်ဒေသအသီးသီးသို့ ပြန်လည်ပို့ဆောင်

ကော့သောင်း မေ ၂၆

နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်းအကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသား အမျိုးသား(၆၁)ဦး၊ အမျိုးသမီး(၂၁)ဦး ၊စုစုပေါင်း (၈၂)ဦးအား ယနေ့မွန်းတည့်ပိုင်းက ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှတဆင့် မြန်မာနိုင်ငံ၊ ကော့သောင်းမြို့မှ တာဝန်ရှိအဖွဲ့အစည်းများထံသို့ ရေလမ်းခရီးဖြင့် လွှဲပြောင်းပေးအပ်ခဲ့ရာ ပြန်လည်ဝင်ရောက်လာသူများအား ကျန်းမာ‌ရေးစစ်ဆေးမှုများ အထူးကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာအလုပ်သမားများမှာ အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံအတွင်း ပိတ်မိနေသူများနှင့် အရေးယူခံနေခဲ့ရသူများဖြစ်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦး‌နိုင်လင်းထက်နှင့် သက်ဆိုင်ရာဌာနအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူ များက လိုအပ်သည်များမှာကြားပြီး ကျန်းမာရေးဌာနနှင့်သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများက ကိုဗစ်-၁၉ရောဂါ ကူးစက်မှုသံသယရှိသူများ ပါဝင်လာခြင်းရှိ/မရှိ၊ မြန်မာနိုင်ငံသား မဟုတ်သူများ ပါဝင်လာခြင်းရှိ/မရှိ၊ မူးယစ်ဆေးဝါးသယ်ဆောင်လာခြင်းရှိ/မရှိစစ်ဆေးခဲ့ပြီး အဆိုပါ ပြန်လည်ဝင်ရောက်လာသူများကို ကိုယ်ရေးမှတ်တမ်းများကောက်ယူခြင်းနှင့် ကျန်းမာ‌ရေးစစ်ဆေးမှုများ ဆောင်ရွက်ပြီး  မိမိတို့နေရပ်ဒေသအသီးသီးသို့ စနစ်တကျ ပြန်လည်ပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)