သန်လျင်ကျိုက်ခေါက်စေတီ ကြေးသွန်းမဟာမုနိတန်ဆောင်းတော်ရေစက်ချ မင်္ဂလာကျင်းပ

ရန်ကုန် မေ ၂၆

သန်လျင်ခရိုင်၊ သန်လျင်မြို့ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ကျိုက်ခေါက်စေတီရှိ ကြေးသွန်းမဟာမုနိရုပ်ပွားတော်တန်ဆောင်းအား သန်လျင်မြို့ မြို့မဈေးကြီး ဈေးသူဈေးသားများနှင့် အလှူရှင်များ စုပေါင်းဆောက်လုပ်ခဲ့သော တန်ဆောင်းတော် ရေစက်ချမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါတန်ဆောင်းတော်ကြီး၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားအား ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး စေတီတော်သြဝါဒါစရိယ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာစန္ဒိမာဘိဝံသထံမှ ဧည့်ပရတ်သတ်များက သီလခံယူဆောက်တည်ကြသည်။

ထို့နောက် စေတီတော်သြဝါဒါစရိယဆရာတော်ကြီးများက ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြသည်၊ ဆက်လက်၍ ဆရာတော်ကြီးများအား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထိုက်၊ သန်လျင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်နှင့် အဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် တည်ဆောက်ရေးအဖွဲ့ဘဏ္ဍာရေးမှူး ဦးဌေးဝင်းက အလှူငွေရရှိမှု တည်ဆောက်ပြီးစီးမှုအား ရှင်းလင်းလျှောက်ထားသည်။

ယင်းနောက်လှူဒါန်းမှုအစုစုအတွက် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်း ဆရာတော်ကြီးထံမှ အလှူရှင်များက အနုမောဒနာရေစက်ချ တရားနာယူခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ (ပြန်/ဆက်)