ပုဗ္ဗသီရိ မေ ၂၆
မြန်မာနိုင်ငံ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ငွေ ကျပ်သိန်း(၁၅၀)ဖြင့် ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ဖြုတ်ခွဲကျေးရွာအုပ်စု၊ ကျောင်းကုန်းကျေးရွာ၌ "စိုး အလင်းရောင်" စာကြည့်တိုက် အဆောက်အအုံအသစ် တည်ဆောက်ရန်အတွက် ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့က အဆိုပါ စာကြည့်တိုက်ဆောက်လုပ်မည့်မြေနေရာ၌ ကျင်းပသည်။
အခမ်းအနားတွင် ဝဲကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုးအောင်၊ ကျည်တောင်ကန်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရဲဝင်းနှင့် အံ့ကောင်းဆောက်လုပ်ရေးကုမ္ပဏီမှ ဦးထွန်းဇော်ဦးတို့က သတ်မှတ်နေရာများတွင် နေရာယူကြပြီး မင်္ဂလာအချိန်ကျရောက်သည်နှင့်တစ်ပြိုင်တည်း ရတနာပန္နက်တော် စိုက်ထူခဲ့ကြသည်။
နိုင်ငံတော်အနေဖြင့် ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရေးနှင့် စာအုပ်စာစောင်များ အလွယ်တကူ ဖတ်ရှုလေ့လာနိုင်စေရန် နိုင်ငံတစ်ဝန်း ဖွင့်လှစ်ထားရှိသည့် စာကြည့်တိုက်များအတွက် ရန်ပုံငွေနှင့် စာအုပ်စာစောင်များ ထောက်ပံ့ကူညီပေးလျက်ရှိရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း၌ ပြည်သူများ စာပေဖတ်ရှုလေ့လာစေရေးနှင့် စာအုပ်စာစောင်များကို လက်လှမ်းတမီထားရှိပေးနိုင်ရေးအတွက် စာကြည့်တိုက်အဆောက်အအုံ လိုအပ်နေသောနေရာများတွင် ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကို(ပုဗ္ဗသီရိ)